heterosexual-pride-day ဘရာဇီးမြို့တော် ဆာပေါ်လိုမှ လိင်ကွဲဆက်ဆံသူများနေ့



ဘရာဇီးမြို့တော် ဆာပေါ်လို တွင် ကျင်းပမြဲဖြစ်သော လိင်တူဆက်ဆံသူများ အထိမ်းအမှတ် ချီတက်ပွဲဟာ ပါဝင်ဆင်နွှဲသူပေါင်း သုံးသန်းလောက်နဲ့ စည်ကားလှတဲ့အတွက် မပါဝင်လိုက်ရသူတွေ အတွက်တောင် ခေတ်နောက်ကျကျန်ခဲ့ သလို ဖြစ်ခဲ့ရပါတယ်။
အခုတော့ တဖန် ဘရာဇီးမြို့တော် ကောင်စီကနေပြီးတော့ ဒီဇင်ဘာလ တတိယအပတ် တနင်္ဂနွေနေ့ကို လိင်ကွဲဆက်ဆံသူများနေ့ (Heterosexual Pride Day) အဖြစ် ကျင်းပဖို့ ဥပဒေ ပြဌာန်းလိုက်ပြန်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေကို မြို့တော်ဝန် ဂီလ်ဘာတိုကာဆဘ်က လက်မှတ်ထိုးဖို့ ကျန်ရှိနေပါသေးတယ်။
ဒီဥပဒေကို ရေးဆွဲသူတွေကတော့ ဒါဟာ လိင်တူဆက်ဆံသူတွေကို ဆန့်ကျင်တာမဟုတ်ပါဘူးလို့ ပြောဆိုပါတယ် ။ ဒါပေမဲ့ ဒါဟာ အံ့မခန်းတိုးတက်လာတဲ့ လိင်တူဆက်ဆံသူတွေရဲ့ အခွင့်ထူးခံ အခြေအနေ ရလိုမှုကို ဆန့်ကျင်တာ၊ ပြီးတော့ ဒါဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာနဲ့ ကောင်းမွန်တဲ့ ဓလေ့ထုံးစံတွေကို စောင့်ရှောက်ဖို့ လူထုကို တိုက်တွန်းတာသာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဒီဥပဒေမူကြမ်းကို ရေးဆွဲသူ ကားလို့စ်အပိုရီယာနီယို က "ကျွန်တော်တို့ လိင်တူဆက်ဆံသူတွေကို လေးစားသလို ဘယ်လိုပုံစံနဲ့မဆို သူတို့အပေါ် ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ပါတယ်၊ ကျွန်တော့် အတွက်တော့ သူတို့ရဲ့ အပြုအမူတွေဟာ ပုံမှန်ရှိနေသရွေ့ သူတို့နဲ့ အတူတကွနေထိုင်ဖို့ ပြသနာမရှိပါဘူး" လို့ဆိုပါတယ်။
ဘရာဇီးရှိ လိင်တူဆက်ဆံသူများအဖွဲ့ကတော့ ဒီဥပဒေကို အပြင်းအထန်ဝေဖန်ပါတယ်။ ဒါဟာ လိင်တူခြင်း ကြောက်ရွံ့မှုကို ဖြစ်စေသလို လိင်တူဆက်ဆံသူများအပေါ် အကြမ်းဖက်အောင် တိုက်တွန်းရာလည်း ရောက်ပါတယ်လို့ ဆိုပါတယ်။
"လိင်တူဆက်ဆံခြင်းဟာ ကိုယ်ကျင့်တရားဖောက်ဖျက်တယ်။ လိင်ကွဲဆက်ဆံမှသာ နိုင်ငံသားကောင်း ပီသတယ် ဆိုတဲ့ အတွေးအခေါ်ကြောင့် လိင်တူဆက်ဆံသူတွေဟာ အတိုက်ခိုက်ခံ အကြမ်းဖက်ခံ ခွဲခြားဆက်ဆံခံနေရပါတယ်" လို့ ဘရာဇီးရှိ (LGBTs) ခေါ် လိင်တူဆက်ဆံသူများ အဖွဲ့မှ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီလို လိင်ကွဲဆက်ဆံသူတွေကို ချီးမြှေက်တဲ့အခမ်းအနားဟာ မသင့်တော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လိင်တူဆက်ဆံသူတွေကို သေးသိမ်စေလို့ပါလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မကြာသေးမီက ထွက်ရှိတဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်က ဘရာဇီးမှာ လိင်တူဆက်ဆံသူပေါင်း ၂၆၀ ကျော် အသတ်ခံခဲ့ရပြီး၊ ဒါဟာ ၅ နှစ်အတွင်း ၁၁၃ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ လိင်တူဆက်ဆံသူများ အခွင့်ဆိုင်ရာအဖွဲ့မှ ဘာရှိက ပြောဆိုခဲ့ပါတယ်။
သုခသခင်

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......