အင်တာနက်က ဖွံ့ဖြိုးဆဲနိုင်ငံရှိ အလုပ်သမားတွေအတွက် တံခါးတွေကို ဆွဲဖွင့်လိုက်ပြီလား..



ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အင်တာနက်ကို အသုံးပြုနိုင်မှုဟာ တဖြည်းဖြည်း များပြားလာနေပါတယ်။ ဒီလိုအင်တာနက်ကို သုံးစွဲနိုင်မှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုများလာတဲ့ အကြောင်း ဘီဘီစီမှာ အောက်ပါအတိုင်း ဆွေးနွေးရင်ဖွင့်ကြပါတယ်။  အိန္ဒိယရှိ မြို့လေးတွေမှာ ကလေးထိန်း ငှားတဲ့ အစဉ်အလာ မရှိပါဘူး။ ဒါကြောင့် ကလေးအမေတွေဟာ အလုပ်နဲ့ပတ်သက်ပြီး အခက်အခဲတွေကြုံရပါတယ်။
Sangeeta Thomas ဆိုရင် သူမယောင်္ကျားဖြစ်သူက အလုပ်ပြောင်းဖို့ ဆုံးဖြတ်လိုက်ခဲ့တယ်။ ဒါကြောင့် သူမရဲ့ မိသားစုဟာ Mangalore မြို့ကိုပြောင်းရွှေ့ရဖို့ အကြောင်းဖန်လာပါတယ်။ သူမလည်း လက်ရှိ အလုပ်ကနေ ထွက်လိုက်ရပါတယ်။
သူမအတွက် စိန်ခေါ်မှုက ၁၈ လသားသာရှိသေးတဲ့ သူမကလေးကို စောင့်ရှောက်ဖို့အတွက်ပါပဲ။ ကလေးထိန်းရင်း လုပ်နိုင်မယ့်အလုပ်ကိုသာ သူမက ရွေးချယ်ရတော့မှာပါ။
"အဘိုးအဘွားတွေ အိမ်မှာရှိရင်ရှိ မရှိရင် ကလေးတွေကို ပြုစုစောင့်ရှောက်မယ့် လူငှားရှိဖို့လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ အမေတွေက ကလေးတွေကို ပြုစုစောင့်ရှောက်ရတော့မှာပါ။ ဒါဆိုရင် အပြင်မှာ အလုပ်လုပ်မလား အိမ်မှာနေမလား။ နှစ်ခုထဲက တစ်ခုကိုရွေးပါတော့မယ်"
အလုပ်လုပ်နေတဲ့ အမေတွေအတွက် ကလေးတစ်ဖက်နဲ့ဆိုရင် အတော်လေး ကသီပါတယ်။
သူမကတော့ အိမ်မှာနေရင်း လုပ်နိုင်မယ့် အလုပ်ကို စတင်ပြီး ရှာဖွေခဲ့ပါတယ်။ အင်တာနက်ပေါ်မှာ မွှေရင်းနှောက်ရင်းနဲ့ Mrs Thomas ဟာ ဆောင်းပါးတစ်ပုဒ်ကို အမှတ်မထင်တွေ့ရှိခဲ့ပါတယ်။
ဒီဆောင်းပါးမှာ ပါတာကတော့ တစ်သီးပုဂ္ဂလ အလွတ်သဘော စီမံကိန်းတွေကို ကိုယ်တိုင် ဈေးပြိုင်လျှောက်ထားတာကို ခွင့်ပြုထားတဲ့ Freelancer.com ,Elance , oDesk ကဲ့သို့သော ၀န်ဆောင်မှုလုပ်ငန်းတွေ အကြောင်းပါပဲ။
အောင်မြင်စွာ ပြီးဆုံးသွားတဲ့ စီမံကိန်းတွေအတွက် ပြန်လည်ဆန်းစစ်ချက်တွေကို ဒီဝန်ဆောင်မှု ၀က်ဘ်ဆိုဒ်တွေမှာ အလုပ်ရှင်တွေက ရေးပေးထားပါတယ်။ ကောင်းမွန်တဲ့ ဝေဖန်သုံးသပ်ချက်တွေ များများရလေ နာမည်ကောင်းရလေဖြစ်သလို ပိုမိုကောင်းမွန်ပြီး လုပ်ခပိုများတဲ့အလုပ်ကို ရနိုင်ချေများလေပဲ ဖြစ်ပါတယ်။
အစကတော့ သူမက သံသယလေးနဲ့ပါပဲ။ Freelancer.com မှာ ကြေညာထားတဲ့ ကြေညာစာတွေ ရိုက်တဲ့ စီမံကိန်းတစ်ခုရွေးပြီးတော့ ဈေးပြိုင်စပေးကြည့်ပါတယ်။
"စီမံကိန်းအတွက် ပေးတဲ့လုပ်ခက တော်တော်လေးကို နည်းပါတယ်။ ဒါပေမဲ့ ဒီကြေညာထားတဲ့ ၀က်ဘ်ဆိုဒ်ဟာ တကယ် ဟုတ်မဟုတ်သိချင်လို့ ကျွန်မလျှောက်လိုက်ပါတယ်။ စာလုံး ၂၀၀ လောက်ပါတဲ့ စာပိုဒ်တစ်ခုအတွက် ၃၅ ဆင့်ပဲရပါတယ်။ ဒီစီမံကိန်းတစ်ခုလုံး ပြီးစီးဖို့အတွက် ရက်ပေါင်း ၃၀ လောက်ကြာပြီးတော့ ဒေါ်လာ ၃၀ လောက်ပဲရပါတယ်"
"ဒီလိုနဲ့ ဒါဟာ အစစ်အမှန်လို့ ကျွန်မ သိရှိလာပါတယ်။ ကျွန်မ တော်တော်ပျော်သွားပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ကျွန်မလိုချင်တဲ့ ကျွန်မရှာဖွေနေတဲ့ အလုပ်မျိုးဖြစ်လို့ပဲ။ လွတ်လွတ်လပ်လပ် အလုပ်လုပ်လို့ရတယ်။ အိမ်ကနေ အဝေးကို သွားစရာလည်းမလိုဘဲ ကလေးကိုထိန်းလို့လည်းရတယ်။ ပိုက်ဆံလည်း ရှာနိုင်တယ်"
သူမအနေနဲ့ အလုပ်အပ်နှံသူတွေဆီမှ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ သူမက ဒီထက်လုပ်ခပိုပေးနိုင်တဲ့ လုပ်ငန်းလေးတွေကို ရရှိအောင် ဈေးပြိုင်ပေးလာနိုင်ပါတယ်။ အခုဆိုရင် သူမဟာ လုပ်ခကို အရင်ကထက် သိသိသာသာ ရရှိနေပါပြီ။
"အင်တာနက်သာ မရှိရင် အိမ်မှာနေပြီး အလုပ်လုပ်ဖို့ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး"

ဝေဖန်မှုများ

ဒီဝန်ဆောင်မှုတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အငြင်းပွားနေကြဆဲပါ။ ဒီလိုပြုလုပ်တာဟာ အခြားနေရာမှာရှိတဲ့ လူတွေမှ လုပ်ငန်းတွေကို ဆောင်ရွက်ခြင်းဖြစ်တာကြောင့် မူရင်းနေရာမှာ အလုပ်လက်မဲ့တွေကို ဖြစ်စေသလို တစ်ချို့သူတွေက ဒါဟာ ဖွံ့ဖြိုးပြီးနိုင်ငံရှိအလုပ်သမားတွေရဲ့ လုပ်ခကို ကျဆင်းလာအောင် တွန်းအားပေးနေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။
အလုပ်ပြီးမြောက်ဖို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီမှ လုပ်အားတွေကို ဈေးပိုမိုသက်သာစွာနဲ့ ရရှိအောင် ဒီဝန်ဆောင်မှုလုပ်ငန်းတွေက လုပ်ဆောင်နေတယ်လို့ ဆိုကြပါတယ်။
အချို့ဝေဖန်သူတွေက ဒီလို ဈေးပြိုင်လေလံဆွဲပြီး ပြီးမြောက်သွားတဲ့ အလုပ်တွေရဲ့ အရည်အသွေးဟာလည်း ပြောင်းလဲမှုရှိနိုင်တယ်။ တသမတ်တည်းမဟုတ်ပါဘူးလို့ ဆိုကြပါတယ် ။ ဒါကို အလျင်အမြန်ဖြေရှင်းဖို့ကတော့ လိုနေပါတယ် ။ ဒါပေမယ့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပြီး လုပ်ခနိမ့်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်သာ အင်တာနက်ကို သုံးစွဲနိုင်ခွင့်ရရှိပါတယ်။ သို့သော် ကိန်းဂဏန်းတွေက အလျင်အမြန်တိုးတက်နေပါတယ်။ အင်တာနက်ရရှိခြင်းဖြင့် ကိုယ့်ဒေသမှာရှိတဲ့ အလုပ်တွေထက်ကျော်၍ အခြားနေရာတွေမှာ အခွင့်အရေးတွေကို ရှာဖွေနိုင်ပါတယ်။ နိမ့်ပါးသော လူနေမှုစရိတ်၊ လူမှုဖူလုံရေးကွန်ယက်ချို့တဲ့မှုနှင့် ဆင်းရဲနွမ်းပါးမှုတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှိတဲ့ အလုပ်သမားတွေကို လုပ်ခနည်းနည်းနဲ့ အလုပ်တွေကို လုပ်ကိုင်လာအောင်တွန်းအားပေးနေပါတယ်။

လွတ်လပ်မှုအသစ်ရရှိ

အသက် (၂၉) နှစ်ရှိပြီဖြစ်တဲ့ Job Otieno ကင်ညာရှိ နိုင်ရိုဘီ မှာနေထိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ သူက ဒီလို သူရဲ့ဝန်ဆောင်မှုတွေကို အင်တာနက်ပေါ်မှာ ရောင်းချတဲ့ အလုပ်ကိုလုပ်ကိုင်နေတာ တစ်နှစ်လောက် ရှိနေပါပြီ ။ သူက အိမ်မှာနေရင်း အလုပ်လုပ်ရတာ အရမ်းကို လွတ်လပ်တယ်လို့ ဆိုပါတယ်။
"တခါတလေ အလုပ်လုပ်နေရတာနဲ့တောင်မတူပါဘူး ။ ကျွန်တော့်အတွက်တော့ စာရေးတာအပြင် ကျွန်တော် လုပ်ချင်တာတွေကိုလည်း လုပ်နိုင်တဲ့ အခွင့်အရေးရှိပါတယ်"
"အစပထမတော့ နည်းပညာနဲ့ပတ်သက်တာတွေ အထူးသဖြင့် ကွန်ပျူတာနည်းပညာနဲ့ ပတ်သက်တာတွေကို ကျွန်တော်ရေးပါတယ်။ နောက်တော့ နည်းနည်းထပ်ချဲ့ဖို့ဆုံးဖြတ်လိုက်တယ်။ အခုဆိုရင် အာမခံနဲ့ ပတ်သက်တာတွေ အပြင် ကျန်းမာရေးနဲ့ပတ်သက်တာတွေကိုပါ ရေးနေပါပြီ"
ဒီအလုပ်ကို သူစလုပ်တုန်းကတော့ အခက်အခဲတွေ ရှိပါတယ်။
"ဘယ်သူမှ ဒါနဲ့ပတ်သက်ပြီး အခြေခံအချက်တွေကို မပေးပါဘူး။ စီမံကိန်းတွေကို ဘယ်လို ဈေးပြိုင်လေလံဆွဲရမလဲ။ ဥပမာ ဘယ်အလုပ်အပ်သူတွေက သိပ်မရိုးသားသလဲ စသဖြင့်ပေါ့။ ဒါပေမဲ့ သုံးလလောက်ကြာပြီးတော့ ဒါတွေကို ကျွန်တော်ကောင်းကောင်း လုပ်နိုင်လာပါတယ်။ နောက်တော့ ဒါတွေဟာ အတော်လေးကို လွယ်ပါတယ်"
Otieno ဟာအရင်က ကွန်ပျူတာ ဆရာတစ်ယောက်ပါ ။ အခုတော့ သူဟာ အရင်က ရခဲ့တဲ့လစာထက် နှစ်ဆလောက် ၀င်ငွေရှိနေပါပြီ ။ သူ့မှာ ကြီးမားနဲ့ အစီအစဉ်တွေ ရှိပါသေးတယ်။
"ကျွန်တော်ရဲ့ အလုပ်ကို ထပ်မံချဲ့ထွင်ဖို့ရည်ရွယ်ထားပါတယ်။ ကွန်ပျူတာတွေထပ်ထည့်ပြီး လူတွေကို ထပ်ပြီးအလုပ်ခန့််နိုင်ဖို့ ကြိုးစားမှာပါ"
"ဒီအလုပ်က ကျွန်တော့ဘ၀ကို ပြောင်းလဲစေပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ တိုးပွားလာတဲ့အပြင် ဘယ်သူ့ကိုမှ မှီခိုဖို့မလိုတော့ပါဘူး"

မိသားစုနဲ့အတူ

ဖိလစ်ပိုင်မှာနေထိုင်တဲ့ John Gotidoc ကလည်း လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကတော့ ကလေး ၅ ယောက်ကို ကျောင်းထားနိုင်ဖို့ပါပဲ။ ၀င်ငွေပိုမိုရရှိဖို့ နောက်ထပ် အလုပ်တစ်ခုကို ရှာဖို့လိုအပ်လာပါတယ်။
"ဒီမှာရှိတဲ့ လူတွေက ပိုက်ဆံပိုရချင်ရင် နိုင်ငံခြားမှာ သွားပြီးအလုပ်လုပ်ကြပါတယ် ။ ကျွန်တော့်ရဲ့မိသားစုနဲ့ ကလေးတွေကို ဘယ်လိုထားခဲ့ရမှာလဲ။ ပိုက်ဆံရှာဖို့အတွက် ကလေးတွေနဲ့ ဝေးတဲ့ နေရာကို မသွားချင်ပါဘူး"
"အခြားရွေးချယ်စရာ နည်းလမ်းတစ်ခုခုတော့ ရှိအုံးမှာလို့ ကျွန်တော်ယုံကြည်ခဲ့တယ်"
အခုတော့ ဒီအင်တာနက်ပေါ်မှာ စာရေးပြီး ငွေရှာနိုင်တဲ့ တစ်သီးပုဂ္ဂလ စီမံကိန်းတွေက သူ့ကို ကလေးတွေနဲ့ အတူအိမ်မှာနေဖို့ အထောက်အကူပြုလိုက်တဲ့အပြင် မိသားစုကိုလည်း ဖူလုံအောင်ထောက်ပံ့နေနိုင်ပါပြီ ။
"အကောင်းထဲက အကောင်းဆုံးကတော့ ကျွန်တော်ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း မဖြစ်စေတော့ပါဘူး။ အလုပ်ကို သွားစရာမလိုဘူး။ ကားကို အသုံးပြုဖို့ မလိုတော့ပါဘူး ။ ကျွန်တော့်ရုံးက ကျွန်တော့်အိမ်မှာလေ"

လေဘာဈေးကွက် ကမောက်ကဖြစ်

Matt Barrie ကတော့ဒီလိုဝန်ဆောင်မှုတွေကိုပေးတဲ့ ကမ္ဘာ့အကြီးဆုံး ၀က်ဘ်ဆိုဒ် Freelance.com ရဲ့ အမှုဆောင်အရာရှိပါ။ ဒီသြစတြေးလျသားဟာ ဒီဝက်ဆိုဒ်ကို ၂၀၀၉ ခုနှစ်မှာ ၀ယ်ယူခဲ့ပါတယ်။
"ကမ္ဘာပေါ်ရှိလူအများစုဟာ တစ်လကို အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ ကြားရရှိပြီး အသက်ရှင နေထိုင်ကြပါတယ် " လို့ Barrie ကဆိုပါတယ်။
ဒါကြောင့်ဒီလို ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကြီးထွားလာတာဟာ ရှောင်လွှဲလို့မရဘူးလို့ သူက ထင်ပါတယ်။
"ဥပမာ ဖိလစ်ပိုင်ကိုပဲကြည့်ပေါ့။ ၂၀၀၉ တုန်းက ဖိလစ်ပိုင်ရှိ လူသန်း ၁၀၀ မှာ ၈ သန်းလောက်သာ အင်တာနက်ကို သုံးကြပါတယ်။၂၀၁၀ ရောက်တော့ လူသန်း ၃၀ က အင်တာနက် သုံးနေကြပြီ။ ၂၅ သန်းမှာ ဖေ့စ်ဘွခ် အကောင့်ကိုယ်စီနဲ့လေ။ အင်တာနက်က ကမ္ဘာပေါ်ရှိ လုပ်သားဈေးကွက်ကို ကမောက်ကမ ဖြစ်အောင်လုပ်နေပါတယ်"
ဒါဟာ ဖွံ့ဖြိုးပြီးနိုင်ငံများကို ထိခိုက်မယ်ဆိုရင်လည်း Barrie က အားတုံအားနာ ဖြစ်မှာ မဟုတ်ပါဘူး။ သူက
"ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်ခနည်းနည်းနဲ့ အခြားနိုင်ငံတွေမှာ အလုပ်ကို စေခိုင်းခြင်းပါပဲ။ နည်းပညာက ကမောက်ကမ ဖြစ်စေပါတယ်။ ကျွန်တော်တို့က ဒါတွေကို ဖြစ်အောင်လုပ်တာ မဟုတ်ပါဘူး။ ဒီလိုလုပ်တာ အင်တာနက်ပါ။ အင်တာနက်က အတားအဆီးတွေကို ချိုးဖျက်ပစ်လိုက်တာပါ" လို့ဆိုပါတယ်။
ဒီလို လုပ်ခဈေးပေါပေါသာ ပေးရတဲ့နေရာမှာ အလုပ်တွေကို သွားလုပ်တာဟာ မှန်သလား မှားသလားဆိုတာဟာ အငြင်းပွားဖွယ် ပိုဖြစ်လာနေပါတယ်။
ဘ၀ပြောင်း အလုပ်ပြောင်း
ဒါပေမဲ့ Sangeeta Thomas ကဲ့သို့သော လူတွေအတွက်တော့ ဒီလို အလုပ်မျိုးဟာ သူမရဲ့ အပြောအရ ဘ၀ကို တိုးတက်ပြောင်းလဲစေပါတယ်။
"ဒီဝက်ဘ်ဆိုဒ်ကြောင့် ကျွန်မ ဘယ်လောက်ပျော်ရတယ်ဆိုတာ ပြောဖို့ စကားလုံးတောင် မရှိပါဘူး။ အိမ်မှာနေရင်း ၀င်ငွေကောင်းကောင်းရနေသလို တစ်ချိန်တည်းမှာပဲ မိသားစုအတွက် အချိန်ပေးနိုင်ပါတယ်။ ခင်ပွန်းကိုလည်း ကူညီနိုင်ပါတယ်။ ကျွန်မရဲ့ ကလေးတွေကိုလည်း စောင့်ရှောက်နိုင်ပါတယ်"
"ကျွန်မလိုပဲ အိမ်မှာနေပြီး မိသားစုနဲ့ မခွဲမခွာ အလုပ်လုပ်ချင်တဲ့ အိမ်ထောင်ရှင်မတွေကို ကျွန်မလို ဖြစ်အောင် ကူညီချင်ပါတယ်" လို့ သူမက ပြောဆိုသွားပါတယ်။
သုခသခင်
Ref : http://www.bbc.co.uk/news/business-14579720

Copy From : http://www.maukkha.org

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......