ထိုင်းသို့သွားကာ ကိုယ်ဝန်ဆောင်ငှား၍ ကလေးမွေးဖွား မြန်မာအထက်တန်းလွှာ ကြားခေတ်စားလာ

အသက် ၃၇ နှစ်နှင့် အထက်ရှိ ငွေကြေးပြည့်စုံသော မြန်မာအမျိုးသမီးများသည် ထိုင်းသို့ သွားရောက်ကာ အခြားသူအား ကိုယ်ဝန်အငှား ဆောင်စေခြင်းနည်းဖြင့် ကလေးမွေး ဖွားမှု များလာကြောင်း သိရသည်။

မြန်မာ အမျိုးသမီးများ ပြည်ပသို့ သွားရောက်ကာ ကိုယ်ဝန်အငှား ဖြင့် ကလေး မွေးဖွားခြင်းမျိုးမှာ ပြီးခဲ့သည့် ဆယ်စုနှစ်ကတည်းက ရှိခဲ့သော်လည်း ၂ဝ၁ဝ ဝန်းကျင်မှသာ ပိုမိုများပြား လာကြောင်း၊ ယင်းသို့ မွေးဖွားသူများမှာ မြန်မာနိုင်ငံသား တရုတ်လူမျိုးများပြားကြောင်း ထိုင်းနိုင်ငံ ရန်ဟီးဆေးရုံမှ မြန်မာပြည် ကိုယ်စားလှယ်က ပြောသည်။

အငှား ကိုယ်ဝန်ဆောင် ငှားရမ်းလိုသူ အများစုသည် မိမိတွင် သားအိမ် အားနည်းချက် ရှိ၍လည်းကောင်း၊ အလုပ် များလွန်း၍လည်းကောင်း ငှားရမ်းခြင်းမျိုး များပြားပြီး ကလေးရ စေနိုင်သည့် သုက်ပိုး အားနည်းမှုအလိုက် ငွေကြေးကုန်ကျမှု ကွဲပြားကြောင်း သိရသည်။
“အမျိုးသမီးပဲ ကလေးရစေနိုင်တဲ့ ပိုးအားနည်းတာလား။ အမျိုးသားဘက်ကရော အားနည်း နေလား။ အဲဒီအပေါ်လိုက်ပြီး ငွေကြေး ကွာဟချက်ရှိပါတယ်။ အသက်ငယ်တုန်း ကတော့ ကလေးရလိမ့်နိုး၊ ရလိမ့်နိုးနဲ့ မျှော်လင့်နေကြသေးတာပေါ့။ ၃၇ နှစ်လောက်လည်း ရောက် တော့ စိုးရိမ်လာကြတော့ ကလေးရဖို့ ကြိုးစားလာကြတာ ဖြစ်နိုင်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

ဗိုက်အငှား လွယ်ပေးသူများမှာ ထိုင်းအမျိုးသမီးများ ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း ဆေးစစ်လွှာရှိရန် လိုအပ်သည့်အပြင် အသက် ၂ဝ မှ ၂၅ ဝန်းကျင် အထိသာ ငှားရမ်း လွယ်ပေးခွင့်ရှိ ကြောင်း၊ မိမိကိုယ်တိုင်တွင်လည်း သားသမီးအနည်းဆုံး ၁ ဦးခန့် မွေး ဖွားဖူးရန် လိုအပ်ပြီး မိဘ၊အမျိုးသား များပါ ကျန်းမာရေးကောင်းမွန်သူများဖြစ်ရန် လိုအပ်ကြောင်း သိရ သည်။ “အငှားလွယ်ပေးနိုင်တာ အလွန်ဆုံး နှစ်ယောက်ပဲ။ ခဏခဏ လွယ်ပေးခွင့်မရှိဘူး။ ပြီးတော့ အငှားလွယ်ပေးမယ့် အမျိုးသမီးရဲ့ သားအိမ်ထဲကို သန္ဓေသား လောင်းထည့် လိုက်ပြီဆိုတာနဲ့ အဲဒီအမျိုးသမီးက ဆေးရုံမှာပဲ နေရတော့တာ။ မိဘ၊ အမျိုးသား၊ သားသမီးတွေနဲ့ ဗိုက်ထဲက ကလေးမွေးပြီးတဲ့အထိ ခွဲနေရပါတယ်” ဟု ၄င်းက ရှင်းပြသည်။

ယခင်က အထွေထွေရောဂါ ကုသရန်၊ အလှအပဆိုင်ရာ ပြုပြင်ရန်နှင့် ကလေးမွေးရန်သာ ထိုင်းသို့ သွားရောက်မှုများသည်ဟု သိရသည်။

ဝေမာထွန်း

ပေါ်ပြူလာသတင်းမှ

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......