သေဆုံးခဲ့သော ၁၂ နှစ်အရွယ် သမီး၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို မိဘများက လှူဒါန်းခြင်းဖြင့် ကလေးငါးဦးကို ကယ်တင်နိုင်ခဲ့


b41404

အင်္ဂလန်အရှေ့ဘက်ရှိ Essex ကောင်တီမှ အသက် ၁၂ နှစ် အရွယ် မိန်းကလေးတစ်ဦးသည် Streptococcus A ဟု ခေါ်သော ပိုးတစ်မျိုးကူး စက်ခံရပြီး ပြီးခဲ့သော ဧပြီလက သေဆုံးခဲ့သည်။ သူတစ်ပါးကို ကူညီတတ်ပြီး ကြင်နာတတ်သော နှလုံးသား ရှိသော ကာရစ်မေဒါလင် သေဆုံးခဲ့ပြီးနောက် မိဘများက ၎င်း၏နှလုံး၊ အသည်း၊ ကျောက်ကပ်များ၊ ပန်ကရိယများကို လှူဒါန်းခဲ့သဖြင့် ကိုယ်အင်္ဂါများ အစားထိုး ကုသရန် လိုအပ်နေသော ကလေးငါးဦး အသက်ကို ကယ်နိုင်ခဲ့သည်ဟု သိရသည်။  ယင်းကဲ့သို့ လှူဒါန်းရန်လည်း မေဒါလင်က ဆန္ဒရှိမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခဲ့သဖြင့် မိသားစု ငါးခုကို ကူညီလိုက်နိုင်သည် ဆိုခြင်းကို သိပါက ဂုဏ်ယူလိမ့်မည်ဟု သမီး ဆုံးရှုံးခဲ့ရသော ဖခင်ဂျွန်က ပြောကြားသည်။ Essex ကောင်တီရှိ Corringham တွင် မေဒါလင်တို့ မိသားစုနေ ထိုင်ပြီး မေဒါလင်သည် သီချင်းဆိုခြင်းနှင့် ကခြင်းကို ၀ါသနာပါကြောင်း သိရသည်။ ဧပြီလ၏ နံနက်တစ်ခုတွင် မေဒါလင်က ၎င်း၏နား နာနေကြောင်း ပြောသဖြင့် ဆေးခန်းပြခဲ့ရာ ပိုးတစ်မျိုး ကူးစက်ခံရခြင်း ဖြစ်သဖြင့် ပိုးသတ်ဆေး ပေးခဲ့ကြောင်း သိရသည်။
နားနာခြင်း ပျောက်သွားသော်လည်း နောက်တစ်ပတ်တွင် ထပ်မံ နာလာပြီး ပိုမို ဆိုးရွားလာသဖြင့် ဘာဆီလ်ဒန် တက္ကသိုလ်ဆေးရုံသို့ ပို့ခဲ့ရသည်။ အိန္ဒိယရှိ ဆင်းရဲသားများကို ကူညီနေရကြောင်း မေဒါလင်က မကြာခဏ အိပ်မက်မက်လေ့ ရှိသည်ဟု သိရသည်။
မေဒါလင်က ခေါင်းကိုက်ကြောင်း၊ နားထဲမှ သွေးထွက်လာကြောင်း ပြောပြခဲ့သည်။ သွေးထွက်မှုမှာ မိနစ် ၃၀ အတွင်း ပြင်းထန်လာပြီး ပိုးမှာ ဦးနှောက်ထဲသို့ ပျံ့နှံ့ ရောက်ရှိကာ ဦးနှောက် ကြီးလာကြောင်း အသက် ၄၄ နှစ်ရှိ ဖခင်က ပြောကြားသည်။ အသက်ကယ်စက်ဖြင့် မေဒါလင်ကို တည်ငြိမ်အောင်လုပ်ပြီး Gret Ormond Street ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ အာရုံကြော အထူးကု ဆရာဝန်များက ကယ်ရန် ကြိုးစားသော်လည်း  ဦးနှောက်သွေးကြောများကို သေစေလောက်သည် အထိ ဦးနှောက် ကြီးလာခဲ့သည်။
ဆရာဝန်များက အသက်ကယ်စက်ကို ဖြုတ်ပြီး မေဒါလင် ကိုယ်တိုင် အသက်ရှူနိုင်ခြင်း ရှိမရှိ စောင့်ကြည့်ခဲ့ရာ အသက်ရှူနိုင်ခြင်း မရှိဘဲ ဦးနှောက် သေသွားကြောင်းကို တွေ့ရှိခဲ့သည်။ ပြီးခဲ့သော နာရီပိုင်းကပင် စကားပြောနေသော မေဒါလင်သည် လောကကြီးကို ရုတ်တရက် စွန့်ခွာသွားခြင်း ဖြစ်ကြောင်း ဂျွန်က ပြောကြားသည်။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......