နိုင်ငံရပ်ခြားသို့ ထွက်ခွာမည့် သူများအတွက် မတက်မဖြစ် အထူးသင်တန်း



နိုင်ငံရပ်ခြားသို့ ထွက်ခွာမည့် ရွှေမြန်မာများအတွက် မတက်မဖြစ် အထူးသင်တန်း ပါဝင်သော ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်...










ယခင်ကအတွေ့အကြုံမရှိသူများအတွက် အခြေခံသင်တန်း (အတွေ့အကြုံရှိသူများတက်ရန်မလိုပါ)

► ဆန်ဆေးနည်း၊ ထမင်းပေါင်းအိုးတည်နည်း၊ ကြက်သွန်နီလှီးနည်း၊ ကြက်ဥကြော်နည်း၊ ဟင်းသီး ဟင်းရွက်ကြော်နည်း၊ လက်ဖက်သုပ်နည်း၊ ဆေးဘဲဥသုပ်နည်း တို့ကို အခြေခံကျကျ ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ကြားပေးပါသည်။

► ရယ်ဒီမိတ် မုန့်ဟင်းခါးထုပ်ကို ဆိုင်စားမုန့်ဟင်းခါးကဲ့သို့ဖြစ်အောင် ပြုပြင်နည်း
(တစ်ယောက် တစ်ထုပ်နှုန်းဖြင့် လက်တွေ့ပြုလုပ်ရမည်။)

► ဆန်၊ ဆီ၊ ဆား၊ မြေပဲ ပစ္စည်း (၄) မျိုးဖြင့် ထမင်း တစ်နပ်စာပြုလုပ်နည်း
(လက်ရာကောင်းလာသည်အထိ လေ့ကျင့်ပေးသည်။)

► ကြက်ဥကို အသုံးပြု၍ ကြက်ဥကြော်၊ ကြက်ဥပေါင်း၊ မွှေကြော်၊ ကြက်ဥသုပ်၊ ကြက်ဥဖုတ်၊ ကြက်ဥဆားရေစိမ် စသည့်ဟင်းအမျိုးပေါင်း (၅၀) ကျော်ပြုလုပ်နည်း လူမျိုးဘာသာမရွေးစားသုံးနိုင်ပြီး အလွယ်တကူ ဝယ်ယူနိုင်သော ပစ္စည်းများဖြင့်ပြုလုပ်သောနည်းများကိုသာ သင်ကြားပေးသည်။

► အခြောက်အခြမ်းပစ္စည်းများကို တာရှည်ခံ၊ အနံ့အသက်၊ အရသာမပျက်အောင် ထားသိုနည်း (သင်တန်း၏ မူပိုင် နည်းပညာသစ်များဖြင့် သင်ကြားပေးပါသည်။)

► နိုင်ငံရပ်ခြားတွင် ဝယ်ယူနိုင်သော ပစ္စည်များဖြင့် မြန်မာ့ရိုးရာ အစားအစာပြုလုပ်နည်း
(မုန့်လင်မယား၊ ကြာဇံချက်၊ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ နန်းလတ်သုပ်၊ နန်းသေးသုပ်၊ ရှောက်သီးသုပ်၊ သရက်သီးသုပ်၊ မရမ်းသီးထောင်း၊ မရမ်းသီးသုပ် စသည့် အစားအစာအမျိုးပေါင်း (၅၀)ကျော်ကို ပြုလုပ်နိုင်ရန် သင်ကြားပေးပါသည်။)

► ခေါက်ဆွဲခြောက်ထုပ်ကို အသုံးပြု၍ ခေါက်ဆွဲပြုတ်၊ ဆီချက်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲသုတ်၊ ပဲခေါက်ဆွဲ၊ ပလိန်း၊ ကြက်ဥနှင့် စသည်တို့ကို တရုတ်ခေါက်ဆွဲ၊ ထိုင်းခေါက်ဆွဲ၊ ကိုရီယားခေါက်ဆွဲ စသည်ဖြင့် အမျိုးစုံအောင် သင်ကြားပေးသည်။

► လစာကို အိမ်ခန်းခ၊ ရေဖိုး၊ မီးဖိုး၊ အစားအသောက်၊ အဝတ်အစား၊ အိမ်ပြန်ပို့ရန် စသည်တို့ကို တစ်လစာလစ်ဟာမှု မရှိစေရန် စာရင်းရေးဆွဲနည်း (မိမိရသည့် လစာပေါ်မူတည်၍ ရေးဆွဲရန် အခက်အခဲရှိပါက သင်တန်းမှ online support ပေးပါသည်။)

► ကျောင်းတက်စဉ် အချိန်ပိုင်းအလုပ်ရှာနည်း၊ ခွင့်မပြုသော အချိန်ပိုင်းအလုပ်များကို ခိုးလုပ်နည်း
(ကိုယ်တွေ့ အတွေ့အကြုံရှိသူများ၏ video interview ဖြင့် ပြသ သင်ကြားပါမည်။)

► ကျောင်းသွားတက်မည့်သူများအတွက် Student Pass ဖြင့်ရရှိနိုင်သော Discount များကိုလည်း up to date စာရင်းနှင့်တကွ သင်ကြားပေးပါသည်။ သင်တန်၏ Home Page တွင်လည်း up to date စာရင်းများကို ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

► အလုပ်လျှောက်နည်း၊ အင်တာဗျူးဖြေနည်း၊ အလုပ်ရရန် ယတြာချေနည်း
(အောင်မြင်ခဲ့သူတို့၏ ပွဲတွေ့လုပ်နည်းများကို ပြုစုထားသော စာအုပ်ဖြင့် သင်ကြားပေးမည်။)

► အချိန်ပြည့်အလုပ် အပြင် နားရက်တွင် အချိန်ပိုင်း အလုပ်လုပ်ရန် ရှာဖွေနည်း၊ လျှောက်ထားနည်းများ
(စိတ်ပင်ပန်း၊ လူပင်ပန်း ဆင်းရဲခံနိုင်သူများ အတွက် စိတ်ကြိုက်ဘာသာရပ် ဖြစ်ပါသည်။ မသင်မနေရ မဟုတ်ပါ။)

► Discount ပေးသော အချိန်အခါ နှင့် နေရာများကို ရှာဖွေဝယ်ယူနည်း
(Internet, email များကိုအသုံးပြု၍ ရှာဖွေခြင်း၊ discount လက်မှတ်များ ရယူခြင်းတို့ကို လက်တွေ့ သင်ကြားပေးမည်။)

► မိမိသွားရောက်မည့် နိုင်ငံပေါ်မူတည်၍ အားလပ်ရက်များတွင် အခမဲ့ (သို့) ပိုက်ဆံနည်းနည်းဖြင့် သွားရောက်လည်ပတ် နိုင်သည့်နေရာများကို ရှာဖွေခြင်း နှင့်အသုံးချခြင်း
(Google Maps ကို အသုံးပြု၍ မြေပုံများ၊ slide show များဖြင့် ပြသ သင်ကြားပါမည်။)

► တစ်နေ့တာအချိန်ခွဲဝေနည်း
ထမင်းချိုင့်ထည့်သူများအနေဖြင့် ဘယ်ထမင်း၊ ဘယ်ဟင်းမျိုးဆို ညကတည်းက ချက်ထားရမည်။ ဘယ်ဟင်းမျိုးဆို မယူသွားခင် ပြန်နွေးရမည်။ ဆိုင်စားသမားများအနေဖြင့် ညစာကို ဘယ်လိုစီမံရမည် စသည်ဖြင့် အသေးစိတ် သင်ကြားပေးသည်။ လက်တွေ့ လုပ်ငန်းတွင် အခက်အခဲရှိပါက သင်တန်း၏ Forum ကဏ္ဍတွင် ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။

► Tourist Visa ဖြင့်သွားကာ အလုပ်ရှာမည့်သူများအတွက် immigration တွင် ဖြီးနည်း၊ ဖြန်းနည်း (သက်တမ်းတိုးနည်းများကို ဝါရင့် အတွေ့အကြုံရှိသူများ ကိုယ်တိုင်ရှင်းလင်း သင်ကြားပေးမည် ဖြစ်ပါသည်။)

► အရေးကြီးသော စကား (၂)ခွန်းဖြစ်သည့် ထမင်းဆိုင်နေရာမေးနည်းနှင့် အိမ်သာနေရာမေးနည်းတို့ကို သက်ဆိုင်ရာ ဘာသာအလိုက် လေယူလေသိမ်း မှန်ကန်သည်အထိ ပြုပြင်သင်ကြားပေးသည်။

ဆက်သွယ်ရန် - သန်းထိုက်အောင်
မှတ်ချက် - Myanmar Joke (Facebook) မှ ဟာသဖြစ်သည်

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......