ထိုင်းနိုင်ငံမှ တတိယလိင်များ အတွက် ကျောင်းအိမ်သာ

ထို်င်းနိုင်ငံ အရှေ့မြောက်ဖက်ရှိ ကမ်ဖန် အလယ်တန်းကျောင်းတွင် ယောက်ျားလေးကနေ မိန်းကလေး အဖြစ် လိင်ပြောင်းချင်သူ ကျောင်းသားများအတွက် ကျောင်းတွင် ‘တတိယလိင် အိမ်သာများ’
(Third Sex toilets) သီးသန့် ထားပေးထားသည်။
ယောက်ျားလေး အိမ်သာနှင့် မိန်းကလေး အိမ်သာကြားတွင်၊ ယောက်ျားတစ်ဝက် မိန်းမတစ်ဝက် အပြာအနီနှင့် ရုပ်ပုံ ဆိုင်းဘုတ်ကလေးချိတ်ထားသော တတိယလိင်အတွက် အိမ်သာများကို ထားရှိသည်။
ကမ်ဖန်ကျောင်းက ၄င်းရဲ့ အိမ်သာများအတွက် ဂုဏ်ယူလျက် ရှိသည်။ အိမ်သာပတ်လည်တွင် ဒေသထွက် ပန်းပင်များ ၀ိုင်းရံစိုက်ပျိုးထားမှု၊ သန့်ရှင်းလှပမှုတို့ကြောင့် ၂၀၀၈ ခုနှစ်မှာ ထိုင်းပညာရေးဝန်ကြီးဌာနရဲ့ ဆုချီးမြှင့်မှု ရရှိခဲ့သည်။ အိမ်သာရှေ့ဖက်တွင် မှန်များ တပ်ပေးထားသောကြောင့်လည်း၊ မိန်းကလေးလို လှချင်ပချင်တဲ့ ကျောင်းသားငယ်များ ဆံပင်ဖီးခြင်း၊ မိတ်ကပ် ချယ်သခြင်း ပြုလုပ်နိုင်သည်။
ကျောင်းအုပ် Sitisak Sumontha က နှစ်စဉ် ပညာသင်နှစ်တိုင်းတွင် မိန်းကလေးဖြစ်ချင်သူ ကျောင်းသား ၁၀ နှင့် ၂၀ ရာခိုင်နှုန်းကြား ရှိနေကြောင်း ပြောသည်။ “အရင်က ယောက်ျားလေး အိမ်သာကို သူတို့အသုံးပြုရင် အမြဲတမ်း နောက်ပြောင်ခံရတယ်။ နောက် သူတို့ မိန်းကလေး အိမ်သာ ၀င်တော့လည်း ကျောင်းသူတွေက စိတ်မသက်မသာ ဖြစ်ကြတယ်။ ဒါနဲ့ ၂၀၀၈ ခုနှစ်ကတည်းက စတင်ပြီး သူတို့အတွက် သီးသန့် အိမ်သာ စီစဉ်ပေးရတာပါ”
၁၃ နှစ်အရွယ် ပိန်ပိန်နွဲ့နွဲ့ ကျောင်းသားလေး Triwate Phamanee က တစ်နေ့နေ့တွင် သူ့လိင်ကို ပြောင်းမည့်အကြောင်း ဘီဘီစီကို ပြောပြခဲ့သည်။
“ကျမတို့က ယောက်ျားလေးတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ အိမ်သာကို မသုံးချင်ပါဘူး။ ကျမတို့က လိင်ပြောင်းလဲနေသူတွေ (transsexuals) ဖြစ်တယ် ဆိုတာကို သူတို့ သိစေချင်ပါတယ်။ လိင်ပြောင်းသူတွေကို ရယ်မောလှောင်ပြောင်စရာ မဟုတ်တာကိုလည်း လူအများ သိဖို့လိုပါတယ်။ အခုလို ကျောင်းမှာ သီးသန့်ဆိုင်းဘုတ်နဲ့ အိမ်သာ ထားပေးတဲ့အတွက် ကျောင်းကို အထူးကျေးဇူးတင်ပါတယ်”။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......