၂၀၁၁ ခုနှစ် ကမ္ဘာ့တွေးခေါ်ရှင် (၁၀၀) စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်

ဩဇာအရှိန်အ၀ါ ကြီးမားသည့် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ခုနှစ် ကမ္ဘာ့အတွေးအခေါ်ရှင် (၁၀၀) အတွက် စစ်တမ်းကောက်ယူရာမှာ၊ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က အမှတ်စဉ် (၃၁) နေရာတွင် ရွေးချယ်ဖော်ပြခံရသည်။
ဒ်ါအောင်ဆန်းစုကြည် နှင့်ပတ်သက်ပြီး Foreign Policy မဂ္ဂဇင်းက "အကယ်၍ မြန်မာနိုင်ငံ စစ်အာဏာရှင် တံပိုးအောက်မှ နောက်ဆုံး ရုန်းထွက်နိုင်ခဲ့တယ်ဆိုလျှင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ကျွမ်းကျင်တတ်ပွန်မှုက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေလိမ့်မည်" ဟု ရေးသားထားသည်။
ယခုနှစ် ကမ္ဘာ့တွေးခေါ်ရှင်အဖြစ် နံပါတ် (၁) နေရာ ရွေးချယ်ခံရသူ မှာ အီဂျစ်နိုင်ငံသား သွားဆရာဝန်ကနေ ကမ္ဘာကျော် စာရေးဆရာဖြစ်လာသူ အလ်လာ အလ် အက်စ်ဝါနီ (Alla Al Aswany) ဖြစ်သည်။ သူ့ရဲ့ ၂၀၀၂ ခုနှစ်မှာ ထုတ်ဝေတဲ့ စာအုပ် The Yacoubian Building က ကိုလိုနီသံခြေချင်းအဖြုတ်ခံရပြီးနောက် အီဂျစ်နိုင်ငံ လူမှုရေးနဲ့ ယဉ်ကျေးမှု တစစယိုယွင်းလာခဲ့ပုံကို ထူးခြားစွာ တင်ပြထားသည်။
နောက်ပြီး အက်စ်ဝါနီ က အီဂျစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့၊ မျိုးရိုးဆက်ခံတဲ့ အုပ်စိုးမှုစနစ်ကို အဆုံးသတ်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီ ထူထောင်ဖို့အတွက် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ပြီး လူငယ်တွေ တဟရီရာ ရင်ပြင်ပေါ် ထွက်လာအောင် လှုံဆော် စည်းရုံးခဲ့သည်။ လူငယ် စာရေးဆရာတွေနဲ့ ကော်ဖီဆိုင်မှာ အမြဲ တွေ့ဆုံစည်းဝေးတာကြောင့် အီဂျစ်ရဲတွေက သူ့ကို အမျိုးမျိုး အနှောင့်အယှက်ပေးခဲ့သည်။

အီဂျစ်တော်လှန်ရေးမှာ ဆန္ဒပြသူတွေနဲ့ မူဘာရခ် ဘက်တော်သားတွေ အပြန်အလှန် ရိုက်နှက်နေစဉ်မှာ အက်စ်ဝါနီ အဖို့ သုံးကြိမ်တိတိ သေဘေး ကြုံခဲ့ရသည်။ ဒါပေမဲ့ တော်လှန်ရေး လမ်းကြောင်း ပျောက်မသွားအောင် အမြဲဦးဆောင်မှုပေးခဲ့ပြီး၊ မူဘာရခ် အစိုးရကို အပြီးတိုင် မြင်ကွင်းကနေ ဖယ်ရှားပစ်ဖို့ စစ်တပ်ကို ဖိအားပေးခဲ့သည်။
အက်စ်ဝါနီ က နှစ်ပေါင်းများစွာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အီဂျစ်လူထုရဲ့ အသံတွေထွက်လာအောင် မီးထိုးခဲ့သူ ဖြစ်သည်။ သူက "တော်လှန်ရေးဆိုတာ အချစ်ဇာတ်လမ်းလိုပါပဲ။ တကယ် ချစ်မိတဲ့အခါ လူကောင်းတစ်ယောက် ဖြစ်လာသလိုပဲ၊ တော်လှန်ရေးအပေါ် တကယ်ချစ်မိပြီဆိုရင်လည်း အနစ်နာခံမှု စွန့်စားမှုတွေ စွမ်းအားတွေနဲ့ လူကောင်းတစ်ယောက် ပိုဖြစ်လာတယ်" ပြောခဲ့သည်။
Foreing Policy က ရွေးချယ်တဲ့ အတွေးအခေါ် ပုဂ္ဂိုလ်ကျော် ၁၀၀ စာရင်းမှ တစ်ဦးချင်းစီအကြောင်းကိုမူလဆိုဒ်တွင် လေ့လာနိုင်ပါသည်။ မောက္ခတွင်လည်း အချို့ကို အလျဉ်းသင့်သလို ဖော်ပြပေးပါမည်။

ဝင့်ထန်း

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......