မာရသွန် ပန်းဝင်ပြီး နာရီပိုင်း အတွင်း ကလေးမွေးဖွားသော အပြေးသမား

မာရသွန် ပြေးပွဲမြင်ကွင်း။
တနင်္ဂနွေနေ့ (၉.၁၀.၂၀၁၁) အမေရိကန် ပြည်ထောင်စု အေလီနွိုင်း (Illinois) ပြည်နယ်၊ ရှီကာဂိုမြို့ (Chicago) မာရသွန် ပြေးပွဲတွင် နာရေးသတင်းနှင့် သာရေးသတင်း သတင်းစုံသွားသည်။
ပန်းတိုင်ရောက်လုနီး ကိုက် ၅၀၀ အလိုတွင် မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဂရင်းစ်ဘိုရို (Greensboro, N.C.)မှ အပြေးသမား တစ်ဦးသည် လဲကျသွားသည်။ သူ့အား ဆေးရုံသို့ ပို့လိုက်ရာ ဆေးရုံတွင် သေဆုံး သွားသည်။ မီးသက်အရာရှိ ဝေလျမ် ကဗ်ဗီနက်စ် (William Caviness)သည် မီးလောင်ဒဏ်ရာရသူများ ဆေးကုသရေးရံပုံငွေ စုဆောင်းရေး မာရသွန်ပြေးပွဲ ဝင်ခဲ့ခြင်းဖြစ်သည်။ သူသည် အသက် ၃၅ နှစ်ရှိပြီး ကလေးနှစ်ယောက် ဖခင် ဖြစ်သည်။
အားကစားသမား တစ်ယောက်ဖြစ်ပြီး မာရသွန် အတွေ့အကြုံရင့်သူ ဖြစ်သည်ဟု ရှီကာဂို ထရီဘယွန်း (Chicago Tribune) သတင်းစာက အစီရင်ခံသည်။ ၂၀၀၇ ခုနှစ်မှစ၍ ထိုပြေးပွဲတွင် ပထမသေဆုံးမှုဖြစ်ပြီး ၁၉၉၈ ခုနှစ်မှစ၍ ဆဌမမြောက် ဖြစ်သည်။
မာရသွန်ပြေးပြီး နာရီပိုင်းအကြာတွင် သမီးလေး ဂျူးန် (June) အား မွေးဖွားခဲ့သော ရှီကာဂိုမြို့သူ အင်ဘာ မီလာ
ထူးခြားဝမ်းမြောက်ဖွယ် သတင်းမှာမူ အခြားမာရသွန်အပြေးသမား တစ်ဦးဖြစ်သော ရှီကာဂိုမြို့သူ အင်ဘာ မီလာ (Amber Miller) သည် ပန်းဝင်ပြီး နာရီအနည်းငယ် အကြာတွင် ကလေးမွေးဖွားခဲ့သည်။ သူမသည် ကိုယ်ဝန် ၃၉ ပတ် အတွင်းတွင် ရှိနေရာ ဆရာဝန်က တောက်လျောက် မပြေးဘဲ ပြေးခြင်းနှင့် လမ်းလျှောက် ခြင်းအား အချိန်မျှပေးရန် မှာကြားပြီး ပြေးပွဲတွင် ပါဝင်ခွင့် ပြုခဲ့သည်။ သူမသည် အသက် ၂၇ နှစ်ရှိပြီး ပြေးပွဲတွင် သူမ၏ ခင်ပွန်း အသက် ၃၅ နှစ်ရှိ ဂျိုး မီလာ (Joe Miller) သူမနှင့် အတူ ပြေးပွဲတွင် ပါဝင်ခဲ့သည်။
မိမိအား လူများက အံ့အားသင့်သော အမူအရာဖြင့် ကြည့်ကြသည်ဟု မစ္စစ် မီလာ (Mrs. Miller) က ပြောသည်။ သူမသည် ည ၁၀ နာရီ၊ ၂၉ မိနစ်တွင် ၇ ပေါင် ၁၃ အောင်စ ရှိသော သမီးလေးအား မွေးဖွားခဲ့သည်။ သမီးလေးအား ကိုယ်ဝန်ဆောင်ထားစဉ် မာရသွန် ပြေးပွဲတွင် ဝင်ရောက်ပြေးသည်မှာ ယခုအကြိမ်သည် ပထမ မဟုတ်ပါ။ သမီး၏ သန္ဓေသက် ၁၇ ပတ်ရှိစဉ်က မစ္စစ် မီလာ (Mrs. Miller) သည် ဝစ္စကွန်းဆင်း ပြည်နယ်(Wisconsin Marathon) မာရသွန်တွင် ဝင်ရောက်ပြေးခဲ့သေးသည်။
ယခုအသက် ၁၉ လရှိသော သူမ၏ သား ကေးလဘ် (Caleb) အား ကိုယ်ဝန်ဆောင်ထားစဉ်ကလည်း အခြားမာရသွန်တစ်ခုတွင် ဝင်ရောက်ပြေးခဲ့သေး သည်။ သာမန်အားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မာရသွန် ပြေးပွဲများတွင် ဝင်ရောက်ပြေးရန် အကြံမပေးသော်လည်း ယခု မစ္စစ် မီလာ (Mrs. Miller) သည် အတွေ့အကြုံရင့်ပြီးသား အပြေးသမားဖြစ်ပြီး ကျန်းမာကြံ့ခိုင်သူဖြစ်သောကြောင့် ပြေးခွင့်ပြုခဲ့ကြောင်း ဒေါက်တာ ဂျက်ဖရီ လူဂက်ဒ် (Dr. Jeffrey Loughead)က ပြောသည်။ ဒေါက်တာ လူဂက်ဒ် (Dr. Loughead)သည် သူမကလေးမွေးခဲ့သော ဆေးရုံမှ ဖွားပြီးစကလေး စောင့်ရှောက်ရေး အထူးကုဆရာဝန် (neonatologist) ဖြစ်သည်။

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......