အရူးများနေ့

နှစ်စဉ် ဧပြီလ ၁ ရက်နေ့ကို ရောက်လာရင် နိုင်ငံတကာမှာတော့ အရူးများနေ့ ကျင်းပပါတယ်။ အဲဒီနေ့ကို ဧပြီအရူးနေ့လို့လည်း ခေါ်ကြပါတယ်။ တရားဝင် ရုံးပိတ်ရက် အားလပ်ရက်
မဟုတ်ပေမယ့် အစဉ်အလာမပျက် ကျင်းပကြပါတယ်။ အထူးသဖြင့် အဲဒီဓလေ့စတင်ဖြစ်တည်ခဲ့ရာ ကမ္ဘာအနောက်အခြမ်းမှာပေါ့။ ဒါပေမယ့်လည်း အဲဒီဓလေ့ကအရှေ့ကမ္ဘာမှာလည်း ကူးစက်နေပါပြီ။
ဧပြီအရူးနေ့ ဖြစ်တည်လာတဲ့ နောက်ခံသမိုင်းကြောင်းက ခိုင်ခိုင်လုံလုံ မရှိရှာပါဘူး။ပါးစပ်ရာဇ၀င်တွေပါပဲ။ ပြင်သစ်ပြည်က စတင်ခဲ့တယ်လို့ လည်း တချို့တလေကပြောကြပါတယ်။  
 ပုပ်ရဟန်မင်းကြီး ဂရီဂိုရီ(၁၃)က ပြက္ခဒိန်အသစ်တစ်ခုကို ၁၅၈၂ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ ပြက္ဒဒိန်အဟောင်းအရ နှစ်သစ်ကူးနေ့ရက်က ဧပြီလ ၁ရက်နေ့ပါ။ ပြက္ဒဒိန်အသစ်မှာတော့ ဇန်န၀ါရီလ ၁ ရက်နေ့ ဖြစ်သွားပါတယ်။ပြင်သစ်ပြည်က အဲဒီပြက္ခဒိန်အသစ်ကို သုံးစွဲမယ်ဆိုပြီး နှစ်သစ်ကူးပွဲတော်ကို
ဇန်န၀ါရီလ ၁ ရက်နေ့လို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်ရှေးရိုးစွဲလူတွေကတော့ အဲဒီလိုပြောင်းလဲမှုကို လက်မခံနိုင်ကြပဲ ဧပြီလ ၁ရက်နေ့ကိုပဲ နှစ်သစ်ကူးနေ့အဖြစ် ဆက်လက်ခံယူထားပါတယ်။ အဲဒီလို ဧပြီ ၁ရက်နေ့မှာ နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့ ရှေးရိုးစွဲလူတွေကို အခြားလူတွေကအရူးတွေလို့ လှောင်ပြောင်ကျီစယ် အရူးလုပ်တာကနေ အဲဒီ ဧပြီအရူးနေ့ ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။ အဲဒီလိုနဲ့ ဥရောပတလွှားမှာ အဲဒီဧပြီအရူးနေ့ဓလေ့လေး ပျံ့နှံ့သွားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ပြက္ဒဒိန်ပြောင်းလိုက်လို့ ဧပြီအရူးနေ့ ဖြစ်လာရတယ်ဆိုတဲ့ ရာဇ၀င်မှာလည်း
ချို့ယွင်းချက်တွေ ရှိနေပါတယ်။ ပထမတစ်ချက်က အင်္ဂလန်နိုင်ငံကအဲဒီပြက္ခဒိန်အသစ်ကို ၁၇၅၂ ခုနှစ်မှ စတင် လက်ခံ အသုံးပြုခဲ့တာပါ။ ဒါပေမယ့်အင်္ဂလန်နိုင်ငံမှာ ဧပြီအရူးနေ့ကျင်းပတဲ့ ဓလေ့က အဲဒီနှစ်တွေ မတိုင်ခင်ဟိုအရင်ကတည်းက ရှိနေနှင့်ပါပြီ။ ပြက္ခဒိန်ပြောင်းလို့ အဲဒီနေ့ရှိခဲ့တာမဟုတ်တော့ဘူး။ ဒုတိယတစ်ချက်က သမိုင်းမှတ်တမ်းမှတ်ရာ အထောက်အထားတွေခိုင်ခိုင်လုံလုံ မရှိခဲ့တာပါပဲ။ ဒါကြောင့် ပါးစပ်ရာဇ၀င်လို့ပဲသတ်မှတ်ရမှာပါ။

အဲဒီအရူးများနေ့မှာ သတင်းမှားတွေ ပေးကြပါတယ်။ ကောလဟာသတွေ ထုတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချောက်ချကြပါတယ်။
အရူးလုပ်ကြပါတယ်။ လူငယ်စကားနဲ့ ပြောရင်တော့ အရောက်ပို့ ပါတယ်ပေါ့။
ဒါပေမယ့် သူတပါး နစ်နစ်နာနာ ဖြစ်စေတဲ့အထိတော့ မလုပ်ကြပါဘူး။ ကျွန်တော်တို့
မြန်မာပြည်က ကျီးမနိုးပွဲ သူခိုးကြီးညလိုမျိုး ကျီစယ်တဲ့ သဘောလေးနဲ့
လုပ်ကြပုံပါပဲ။ ပျော်စေပျက်စေပေါ့။

ထင်ရှားတဲ့ ဧပြီအရူးနေ့ အရူးလုပ်တဲ့ ဟာသတွေထဲက တစ်ခုကတော့ ဆွီဒင်နိုင်ငံက ရောင်စုံတီဗွီပြောင်းတဲ့နည်းပါပဲ။ ၁၉၆၂ ခုနှစ် ပတ်ဝန်းကျင်မှာ ဆွီဒင်နိုင်ငံရဲ့
ရုပ်မြင်သံကြားချန်နယ်က လိုင်းတစ်ခုတည်းပဲ ရှိပါသေးတယ်။ အဲဒီကာလက
အဖြူအမည်းနဲ့ ထုတ်လွှင့်တဲ့ ကာလပေါ့။ ၁၉၆၂ ဧပြီလ ၁ ရက်နေ့မှာ ရုပ်သံလိုင်းက
နည်းပညာကျွမ်းကျင်သူဖြစ်တဲ့ Kjell Stenssonက အစီအစဉ်တစ်ခုမှာ ကြေညာပါတယ်။
နည်းပညာဖွံ့ဖြိုးမှုကြောင့် အခုကြည့်နေတဲ့ အဖြူအမည်းတီဗွီတွေကိုရောင်စုံတီဗွီအဖြစ်    ချက်ချင်းလက်ငင်း ပြောင်းလဲနိုင်မှာဖြစ်တဲ့အကြောင်းပေါ့။ ပြောင်းလဲဖို့အတွက် ဘယ်ပုံဘယ်နည်း လုပ်ကိုင်ရမလဲဆိုတာကို သူက သရုပ်ဖော် ပြသပါသေးတယ်။ သူက နိုင်လွန်ခြေအိတ်ကို တီဗွီရဲ့
ဖန်သားမျက်နှာပြင်ပေါ်မှာ ဆွဲဆန့်ပြီး ကပ်ထားခိုင်းပါတယ်။ အဲဒီလိုလုပ်ပြီးရင် လုံလောက်တဲ့ အကွာအဝေးကနေ လှမ်းကြည့်မယ်ဆိုရင် တီဗွီမှာအရောင်တွေ ပြောင်းနေတာကို တွေ့ရနိုင်ကြောင်း ခပ်တည်တည်နဲ့ပြောသွားခဲ့ပါတယ်။ သူပြောတာကို ယုံကြည်မိတဲ့ ရုပ်သံကြည့်ရှူသူ ထောင်ပေါင်းများစွာဟာ သူခိုင်းတဲ့အတိုင်း လိုက်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်ဆွီဒင်မှာ ရောင်စုံတီဗွီ ကြည့်နိုင်ခဲ့တာက ၁၉၇၀ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်ခဲ့တာပါ။

၁၉၈၀ ဧပြီလ ၁ ရက်နေ့မှာ ဘီဘီစီ သတင်းဌာနက သတင်းတစ်ခု ကြေညာပါတယ်။ Big Ben နာရီစင်က နာရီကြီးကို ဒီဂျစ်တယ်ဒိုင်ခွက်တွေနဲ့ပြောင်းလဲ ပြသမယ်ဆိုတဲ့အကြောင်းပေါ့။ အဲဒီသတင်းကို ကြားလိုက်တဲ့ သူတွေကအဲဒီလိုပြောင်းလဲမှုမျိုးကို လက်မခံနိုင်ကြောင်း ဒေါသတကြီး ပြန်လည်
တုန့်ပြန်ကြပါတယ်။ ဘီဘီစီ ဂျပန်ပိုင်း အစီအစဉ်ကလည်း သမိုင်းဝင်နာရီစင်ကနာရီလက်တံတွေကို ရောင်းချမှာ ဖြစ်တဲ့အကြောင်း။ အခု သတင်းကို နားထောင်မိပြီးပထမဦးဆုံး ကမ်းလှမ်းသူ ၄ ယောက်ကို ရောင်းချမှာဖြစ်လို့ အမြန်ဆက်သွယ်ပါဆိုပြီး ပြောသွားပါတယ်။ ပင်လယ်ပြင်ထဲမှာ ရောက်နေတဲ့ ဂျပန်သဘောင်္သားတစ်ဦးကအဲဒီ သတင်းကို နားထောင်မိပြီး ရေဒီယိုဆက်သွယ်ရေးစနစ်နဲ့ ဘီဘီစီကို
လှမ်းအကြောင်းကြားခဲ့ပါသေးတယ်။

၁၉၉၆ ဧပြီလ ၁ရက်နေ့တုန်းက Taco Bell Corporation က Liberty Bell လစ်ဘာတီ ခေါင်းလောင်းကို ၀ယ်ယူလိုက်ပြီးTaco Liberty Bellလို့ အမည်ပြောင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။အဲဒီသတင်းကို ကြားပြီးတဲ့ နာရီပိုင်းအတွင်းမှာ ရာပေါင်းများစွာသောပြည်သူတွေဟာ Liberty Bell တည်ရှိရာဖြစ်တဲ့ ဖီလာဒဲဖီးယားကသမိုင်းဝင်အမျိုးသားပန်းခြံကို ဆန္ဒပြဖို့အတွက် ဒေါသတကြီးစုရုံးရောက်ရှိလာကြပါတယ်။ သူတို့က ခေါင်းလောင်း အမည်ပြောင်းခြင်းကိုလက်မခံနိုင်ကြောင်း တောင်းဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှ အဲဒီသတင်းဟာဧပြီအရူးနေ့အတွက် အရူးလုပ်လိုက်တဲ့ သတင်းဖြစ်ကြောင်း သူတို့
သိရှိသွားခဲ့ပါတယ်။ ပန်းခြံက သက်ဆိုင်ရာ လူကြီးတွေတော့အလုပ်များသွားပုံပါပဲ။

၁၉၁၅ ဧပြီလ ၁ ရက်နေ့ ပထမကမ္ဘာစစ်ဖြစ်ပွါးနေတဲ့ ကာလအတွင်းမှာ ပြင်သစ်လေယာဉ်တစ်စင်းဟာ ဂျာမန်တပ်စခန်းပေါ်ကို ၀ဲပျံလာပြီး ကြီးမားလှတဲ့ဗုံးလို့ ထင်ရတဲ့ ဗုံးတစ်လုံးကို ချသွားခဲ့ပါတယ်။ တပ်စခန်းထဲက ဂျာမန်စစ်သားတွေခင်မျာ အရပ်မျက်နှာမျိုးစုံကိုဦးတည်ပြီး ထွက်ပြေးကြတာပေါ့။ ဒါပေမယ့် ဗုံးပေါက်ကွဲသံကို မကြားရပါဘူး။အချိန်အတော်လေးကြာမှ ဂျာမန်စစ်သားတွေ မိကျောင်းတက် တွားသွားပြီးဗုံးအနားကို တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပါတယ်။ ဗုံးအနားရောက်တဲ့အခါ
တွေ့လိုက်ရတာက ဘောလုံးတစ်လုံးဖြစ်နေပြီး အဲဒီပေါ်မှာ စာရွက်တစ်ရွက်ကပ်ထားပါတယ်။ စာရွက်ထဲမှာ ရေးထားတာကတော့ "April Fool!" တဲ့ဗျာ။


မေမွန်ကျော်
mail from mmonkyaw36@gmail.com

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......