ကွန်နက်ရှင်ကျနေတဲ့အချိန်မှာ သင်လုပ်နိုင်တဲ့အရာ (၇) ခု

မနေ့က ကျနော့်ရဲ့ အင်တာနက် ကွန်နက်ရှင်ကျသွားတယ်။
အဲဒါကို လျင်လျင်မြန်မြန်ပဲ လက်ခံလိုက်ပြီးတဲ့နောက် ကျနော် စဉ်းစားတယ်။ ” ငါ အခု ဘာလုပ်နိုင်သလဲ ”
ဟောဒါတွေကတော့ ကျနော် စဉ်းစားမိတဲ့ နည်းလမ်းတွေနဲ့ ကျနော်လုပ်ဖြစ်တဲ့အရာတွေပါပဲ။ သင်လည်း နောက်တစ်ကြိမ်မှာ ဒီလို ကွန်နက်ရှင်ကျသွားတာမျိုးကို ကြုံမယ်ဆိုရင် ဒီစာက သင့်အတွက် အသုံးဝင်တာ တစ်ခုခုကို ပေးနိုင်မှာပါ။


၁။ Post တစ်ပုဒ်ရေးပါ
သင်ဟာ Blogger တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ နောက် Post တစ်ပုဒ်ကို ရေးနိုင်ပါတယ်။ အင်တာနက်ကွန်နက်ရှင်ကျနေတဲ့အချိန်ဖြစ်တဲ့အတွက် သင့်ရဲ့ စာရေးခြင်းမှာ အာရုံစိုက်ဖို့ ပိုပြီး လွယ်ကူပါလိမ့်မယ်။ ပြီးတော့ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်အတွက် Post တစ်ပုဒ်   ရေးပြီးသားရှိတယ် ဆိုရင်တောင်မှ အကြောင်းတစ်ခုခု (ဥပမာ- သင် နေမကောင်းတာ၊ ဒါမှမဟုတ် လေးငါးရက်လောက် ခရီးထွက်ရတာမျိုး) ဖြစ်လို့ဖြစ်ငြား အပို Post တစ်ပုဒ် နှစ်ပုဒ်လောက် ကြိုရေးထားတာက အမြဲတမ်း ကောင်းပါတယ်။

၂။ သင့်ရဲ့ စားပွဲကို သန့်ရှင်းပါ
ကွန်နက်ရှင်ကျနေတဲ့အချိန်မှာ ကျနော့်ရဲ့ စားပွဲပေါ်က ကော်ဖီခွက် အခွံတွေ၊ ကျနော်မလိုအပ်တော့တဲ့ပစ္စည်းတွေကို ဖယ်ရှားပစ်လိုက်တယ်။ သပ်သပ်ရပ်ရပ်နဲ့ အစီအစဉ်တကျရှိနေတဲ့ အလုပ်စားပွဲဟာ စိတ်ကိုလည်း ကြည်လင်စေပါတယ်။ ဒါ့အပြင် Brian Tracy ရဲ့ အင်တာဗျူးတွေအရ၊ မန်နေဂျာ ၅၂ ယောက်မှာ ၅၀ ဟာ အလုပ်စားပွဲ ရှုပ်ပွနေတဲ့သူကို ရာထူးတိုးမပေးကြပါဘူး – တဲ့။ အဲဒီပုဂ္ဂိုလ်ဟာ အလုပ်ကောင်းကောင်းလုပ်တယ်ဆိုရင်တောင်မှပေါ့။ သူ့ကိုယ်သူတောင် စုစုစည်းစည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် မထားနိုင်တဲ့သူတစ်ယောက်ကို တာဝန်တစ်ခုပေးဖို့ မယုံကြည်ကြပါဘူး။

၃။ သင့်ရဲ့ ကွန်ပျူတာကို သန့်ရှင်းပါ။
သင့်စားပွဲခုံကို သန့်ရှင်းသလိုမျိုးပဲ၊ သင့်ကွန်ပျူတာကို သန့်ရှင်းခြင်းဟာလည်း တူညီတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ သင့်ရဲ့ desktop ပေါ်မှာ icon တွေ ၄၃ ခုနဲ့ ဖိုင်တွေ ရှုပ်ပွမနေဘူးဆိုရင် သင်ဟာ ပိုပြီး စိတ်ကြည်လင်လာပါလိမ့်မယ်။ ပြီးတော့ ဖိုင်တွေကို မှန်ကန်တဲ့ folders တွေထဲမှာ ထားခြင်းဟာ တစ်ခုခုရှာချင်တဲ့အခါ ပိုပြီးလွယ်ကူစေပါတယ်။ ဒါမှမဟုတ်ရင်လည်း သင့်ကို အချိန်တွေအများကြီးကုန်စေတဲ့၊ သင့်အတွက် အသုံးမလိုတော့တဲ့ Programs တွေကို ဖြုတ်ပစ်နိုင်ပါတယ်။

၎။ အရာအားလုံးကို ပြန်လည်စီစဉ်
ကျနော်ဟာ ကျနော့်ရဲ့ Passwords တွေကို မပြောင်းရတာ နှစ်အတော်ကြာပြီဆိုတာ သတိရလိုက်တယ်။ ဒီတော့ ကျနော် ပြောင်းချင်တဲ့ Passwords အသစ်တွေကို ချရေးထားလိုက်တယ်။ ပြီးတော့ ကျနော့် email-program ထဲက Address Book ထဲကို နာမည်တစ်ချို့ ထပ်ဖြည့်တယ်။ တချို့နာမည်တွေကို ဖယ်လိုက်တယ်။ ပြီးတော့ ကျနော့် ကွန်ပျူတာတစ်ခုလုံးကို AVG နဲ့ ဗိုင်းရပ်စ် စစ်ဆေးလိုက်တယ်။ ပြီးတော့ ကျနော့်ရဲ့ Mp3 player လေးကို ကွန်ပျူတာမှာတပ်ပြီး မလိုအပ်တော့တဲ့ သီချင်းအဟောင်းတွေကို ဖျက်တယ်၊ အသစ်တွေ ထပ်သွင်းတယ်။

၅။ အရေးကြီးသော အချက်အလက်တစ်ချို့ကို Backup လုပ် (အရံအဖြစ် သိမ်းဆည်း) ပါ
သင်ဟာ အလုပ်မှာဆိုရင်တော့ အဲဒီလိုမျိုး မကြာခဏလုပ်ရတယ်ဆိုတာ ကျနော်ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲ့ သင်ဟာ အိမ်မှာ ကွန်ပျူတာတစ်လုံးရှိနေတယ်ဆိုရင်လည်း အရေးကြီးတဲ့ ငွေကြေးကိစ္စနဲ့ ပတ်သက်တဲ့ Documents တွေ၊ ခရီးထွက်တုန်းက အမှတ်တရဓာတ်ပုံတွေ၊ emails တွေကို Backup လုပ်ထားချင်မှာပါပဲ။ သင်ဟာ Blogger တစ်ယောက်ဆိုရင်တော့ သင်ရေးပြီးသားစာတွေ၊ သင့် Blog အတွက် အသုံးပြုတဲ့ Graphics ပုံတွေကို Backup လုပ်ထားခြင်းဟာ အမှန်တကယ် အသုံးဝင်နိုင်ပါတယ်။

၆။ နားချိန်ယူပါ၊ မုန့်တစ်ခုခုစားပါ
သင်ဟာ ထိုင်ပြီးအလုပ်လုပ်နေတာ တော်တော်လေး ကြာပြီ၊ ပြီးတော့ နည်းနည်း ခေါင်းနောက်လာပြီဆိုရင်တော့ တစ်ခါတစ်လေမှာ ရိုးရှင်းတဲ့ နည်းလမ်းလေးတစ်ခုရှိပါတယ်။ ထပါ၊ တစ်နေရာရာသွားပြီး မုန့်တစ်ခုခုစားပါ။

၇။ လမ်းထွက်လျှောက်ပါ၊ လေကောင်းလေသန့်ရှူပါ
ခဏနားပြီး မုန့်တစ်ခုခုစားခြင်းက သင့်ရဲ့ စွမ်းအင်ကို တက်မလာစေသေးဘူးဆိုရင်တော့ ခဏလောက် လမ်းထွက်လျှောက်လိုက်ပါ၊ ပြီးတော့ လေကောင်းလေသန့်ရှူပါ။ ဒါက သင့်ရဲ့ စွမ်းအင်တွေကို မြှင့်တင်ပေးပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့စိတ်ဖိစီးမှုတွေကို လျော့နည်းစေနိုင်ပါတယ်။

Ref: 7 Things You Can Do When the Internet Connection is Out by Henrik Edberg




Copy From : www.yourlifesuccess.blog.com

No comments:

Post a Comment

အကြံပေးကြည့်ပါလား.......