"ကျွန်မ ဒုက္ခတွေ အများကြီး ကြုံတွေ့ခဲ့ရပြီးပြီ။ ဒုက္ခတွေကြုံလေ ဘုရားသခင်ကို ယုံကြည်မှု တိုးလေပါပဲ"
(ဘီဘီ)
ယခု ဖော်ပြမည့် အကြောင်းအရာသည် ပါကစ္စတန်ကျေးရွာ တစ်ရွာတွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။ မုတာရန်ဘီဘီ ဆိုသူ အမျိုးသမီးတစ်ဦး၏ ဘ၀ပျက်လုခမမ်း ကြုံတွေ့ခဲ့ရသည့် ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ပါသည်။ သူမအတွက် ပြန်တိုက်ရုံမှ တစ်ပါး ရွေးချယ်စရာလမ်း မရှိသည့်အခါတွင် သတ္တိတွေ ဖြစ်လာရသည်။ ထိုသတ္တိသည် သူမအတွက်သာမက၊ သူမပတ်ဝန်းကျင် အတွက်ပါ ဖြစ်လာခဲ့သည်။
ဘီဘီ သည် မောင်ငယ်ဖြစ်သူက မုဒိမ်းမှုတစ်ခု ကျူးလွန်ခဲ့သည့်အတွက် အကာအကွယ်ပေးရန် ကြိုးပမ်း နေရသည်။ သူ့မောင်က တစ်ရွာတည်းနေ ဟိန္ဒူဇာတ်မြင့်မိသားစုမှ မိန်းကလေးတစ်ဦးကို မုဒိမ်း သွားကျင့် လိုက်သည်။
ထိုအချိန်ကစပြီး နောက်သုံးနှစ်ကာလလုံးလုံး ပါကစ္စတန်ကျေးရွာလေးတစ်ရွာမှ သူမအား ခတ်ခဲ့သည့် ဒဏ်ကို ကောင်းကောင်းကြီး ခံရတော့သည်။
"ကျွန်မတို့ ရွာပြန်ရင်ကောင်းမယ် မကောင်းဘူးဆိုတာ အတော်လေး ဆုံးဖြတ်ရခက်တဲ့ ပြဿနာတစ်ခု ဖြစ်ခဲ့တယ်" ဟု တောက်ပသည့်မျက်လုံးများနှင့် အဝေးကို ငေးကြည့်ရင်း သူမကပြောလိုက်သည်။
အဖြစ်အပျက်အားလုံးကို အသေးစိတ် ပြန်ပြောရမည်ကိုပင် တုန်လှုပ်နေမိသည်။ ဘီဘီ၏မောင်ဖြစ်သူကို အပြစ်ပေးရမည့်အစား ရွာခေါင်းဆောင်ပိုင်းက သူမတစ်ဦးတည်းကိုကွက်ပြီး ဘာကြောင့်မည်းနေရသည်ကို နားမလည်နိုင်တော့။
မောင်ဖြစ်သူ မကောင်းမှုကျူးလွန်ခဲ့သည်ကို အစ်မဖြစ်သူက ပေးဆပ်ရမည်ဆိုသည့် လူမျိုးစု အရေးဆိုမှုကိုလည်း သူမ နားမလည်နိုင်အောင် ဖြစ်နေရသည်။ နောက်ဆုံး အသက် ၂၉ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ဘီဘီကို သူမတို့မျိုးနွယ်နှင့် ဆန့်ကျင်ဘက် မောင်ဖြစ်သူ၏ မုဒိမ်းကျင့်ခြင်းကိုခံရသူမျိုးနွယ်စုမှ ပြန်ပြီး မုဒိမ်းကျင့်စေဟု ကျေးရွာခေါင်းဆောင်ပိုင်းက အမိန့်ချလိုက်သည်။
ဘီဘီတစ်ယောက် ကမ္ဘာပျက်လုခမမ်း အော်ဟစ်ရင်း ဝါခင်းကိုဖြတ်ကာ ဒရွတ်တိုက်ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။ သူတို့ ဦးတည်နေသည့်နေရာကား ရွံ့များဖြင့်မံထားသည့် တဲတစ်လုံးဆီသို့ ဖြစ်သည်။ သူတို့က သေနတ်ကို ခေါင်းပေါ်ကျော်ပစ်လိုက်ပြီး သူမကို ရက်စက်စွာ မုဒိမ်းကျင့်ကြသည်။ စုစုပေါင်း လူလေးယောက်က မတရားမှုတစ်ခုကို တရားသယောင်ပြုကျင့်နေစဉ်တွင် ဘီဘီ၏ ဖခင်ဖြစ်သူသည် ထိုတဲ အပြင်ဘက်တွင် ဘာလုပ်၍ဘာကိုင်ရမှန်း မသိဖြစ်ပြီး ကြောင်တောင်တောင် ရပ်နေမိသည်။
ဘီဘီတစ်ယောက် ထိုအချိန်ကတည်းက စိတ်ထဲတွင် တစ်ခုသာ ဆန္ဒရှိသည်။ ဤသူများကို နိုင်အောင် ပြန်တိုက်ရေး ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကြုံတွေ့လိုက်ရသည့် ငရဲခန်းကြောင့် အတော်လေး ထိတ်လန့်တုန်လှုပ်နေမိသည်။
ပါကစ္စတန်တွင် အမျိုးသမီးတစ်ဦးသည် မုဒိမ်းအကျင့်ခံရပါက ကိုယ့်ကိုယ်ကို သတ်သေကြရသည့် ထုံးစံရှိသည်။ ဤအဖြစ်အပျက်မျိုး ဘီဘီနေသည့်ကျေးရွာတွင် မဖြစ်ပျက်မီ နှစ်ရက်က မီယာဝါလကျေးရွာတွင် ဖြစ်ပျက်ခဲ့သေးသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး ဘီဘီက "အမျိုးသမီးတွေအတွက် ဒီလို ဖြစ်လိုက်ရင် ရွေးချယ်စရာ တစ်လမ်းပဲရှိတယ်။ သေဖို့ပဲလေ။ ဒီမှာက တရားမျှတမှုဆိုတာ ရှိတာ မဟုတ်ဘူး" ဟု သူမက ပြောလိုက်သည်။ သို့သော် သူမကိုယ်တိုင်က ကံတရားကိုပုံမချ။ ကံမကောင်း အကြောင်းမလှလို့ ဖြစ်ရသည်ဟူ၍ လက်မခံ။ ဖြစ်လာသည့်ဒဏ်ကို ခေါင်းငုံ့ပြီးမခံဟုလည်း ဆုံးဖြတ်ပြီးသား ဖြစ်နေသည်။
သမီးဖြစ်သူ ခံစားလိုက်ရသည့်ဒဏ်ကို မိသားစုက ပြန်ခံရမည်ကို ထိတ်လန့်ရင်း သူတို့အိပ်မပျော်နိုင်ကြပေ။ သူတို့မျိုးနွယ်စုများက ရိုးရာကိုစွဲကိုင်တတ်ကြလွန်းသဖြင့် ဖိအားတွေပေးလာရာမှ နောက်ဆုံးရက်စက် ရမ်းကားသည့်အသွင် ဆောင်လာသည်။ ဘီဘီတစ်ယောက် ပထမတော့ ကျိတ်ခံပြီး နှုတ်တုန့်မပြန်ခဲ့ပေ။ သို့သော်နောက်ဆုံး
"မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လောက်ရိုးရိုးသားသားနေနေ စော်ကားတာတွေကို ခံရဖန်များလွန်း တော့ သွေးပွက်ပွက်ဆူလာစေတာပေါ့" ဟု ရွာရှိ မွတ်စလင် ဘာသာရေးခေါင်းဆောင် အဘဒူရာဇတ်က ပြောလာသည်။ အဘဒူရာဇတ်သည် ဘီဘီ့ကို တရားဥပဒေနှင့်အညီ ဖြစ်စေရန် ရွာသူရွာသားများကို ပထမဦးဆုံးဖွင့်ပြောခဲ့သူဖြစ်သည်။ ထိုသတင်းသည် အနီးအနားဝန်းကျင်ရွာများသို့ ပြန့်နှံ့သွားသည်။
နိုင်ငံရေးသမားများနှင့် နိုင်ငံတကာသတင်းအဖွဲ့များ၏ အာရုံစိုက်စရာ သတင်းထူးတစ်ပုဒ်လည်း ဖြစ်သွား သည်။ ရာဇတ်၏ တိုက်တွန်းချက်ကြောင့် ဘီဘီသည် ရဲစခန်းသို့ အဖြစ်အပျက်ကို သွားရောက် တိုင်ကြား သည်။ ထိုအချိန်တွင် လူသိရှင် ကြားဖြစ်စရာ သတင်းထောက်များ ဓာတ်ပုံ ဆရာများက ရဲစခန်းအပြင်တွင် စောင့်ဆိုင်း သတင်းယူနေကြပြီ ဖြစ်သည်။
၂၀၀၂ ခုနှစ်နွေရာသီတွင် တရားစီရင်ခြင်းကို စတင်လိုက်သည်။ ဘီဘီက သူ့ကို မုဒိမ်းကျင့်ခဲ့သူများကို ခေါင်းမော့ရင်ကော့ပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်သည်။ တရားရုံးက မုဒိမ်းသမားလေးယောက်နှင့် မုဒိမ်းကျင့်ရန် အမိန့်ပေးခဲ့သည့် ရွာလူကြီးနှစ်ဦးကို ကြိုး ဆွဲချသတ်ရန် တရားစီရင်လိုက်သည်။
ပါကစ္စတန်သမ္မတမူရှာရက်ဖ်က ဘီဘီ့ ကို ရူပီး ၅ သိန်း (အမေရိကန်ဒေါ်လာ ၈၄၀၀) ပေးပြီး မြို့တော် တွင်လာရောက် နေထိုင်နိုင်ရန် အိမ်တစ်လုံးလည်းပေးသည်။ သို့သော်ဘီဘီက သူ့ကို မတရား ဆက်ဆံခဲ့ သည့် ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားသောရွာတွင် သာဆက်နေမည်ဟု ပြောကြားလိုက်သည်။
ယခုအချိန်တွင် ဘီဘီအား ၂၄ နာရီ ရဲများက အကာအကွယ် ပေးထားသည်။ သူမသည် သမ္မတကြီးက ပေးသည့်ငွေကို ရွာတွင် ပထမဦးဆုံးစာသင်ကျောင်းလေး နှစ်ကျောင်း ဆောက်လိုက်သည်။ တစ် ကျောင်းက မိန်းကလေးကျောင်းဖြစ်ပြီး၊ ကျန်တစ်ကျောင်းက ယောက်ျားလေးကျောင်း ဖြစ်သည်။
ဘီဘီ၏ မိဘများနှင့် သူကအစ စာတတ်သူများမဟုတ်ကြသော်လည်း အားလုံးသော ဖြစ်ပျက်ခဲ့သမျှ အရင်းခံသည် စာပေမတတ်ကြသောကြောင့်ဖြစ်ရကြောင်း သူမ သဘောပေါက်ထားသည်။ သူမဖွင့်ထား သည့်ကျောင်းတွင် အင်္ဂလိပ်စာ သင်သည်။ သင်္ချာသင်သည်။ အမျိုးသမီးများအတွက် ဇာထိုးပန်းထိုး သင်သည်။ ရွာအတွက် ပညာတတ် ပထမဦးဆုံး မျိုးဆက်ကိုထူထောင်သည်။
ဘီဘီကကိုယ်တိုင်လည်း စာဝင်သင်သည်။ အတော်ဆုံးတပည့်တစ်ယောက်ဖြစ် အောင်ကြိုးစားသည်။ "ခုဆိုကျွန်မ ကိုယ့်နာမည် ကိုယ်ရေးတတ်ပြီ။ ၁ ကနေ ၁၀၀ အထိရေတွက်တတ်ပြီ" ဟု ခပ်ကြွားကြွား လေးပြောနိုင်ပြီ ဖြစ်သည်။ သူ့ကိုကျောင်းသားတွေက ဘာဂျီ (အစ်မကြီး) ဟုခေါ်ကြသည်။ အားလုံးကို အစ်မကြီး စိတ်ဓာတ်ဖြင့် မြှင့်တင်ပေးခဲ့သောကြောင့်လည်း ခေါ်ထိုက်ပါပေသည်။
"မိဘတွေက သူတို့သားသမီးတွေကို ကျောင်းကို မလွှတ်ချင်ကြဘူး။ မနေ့ကဆိုရင် ရွာကိုပတ်ပြီး လိုက်ခေါ်ကြရတယ်။ သူတို့က ကလေးတွေကို အလုပ်ပဲ ခိုင်းချင်နေကြတာ" ဟုသူမကပြောသည်။
နိုင်ငံတကာ သတင်းထုတ်ပြန်ချက်များနှင့် The New York Times သတင်းစာကြီးမှ သူမအကြောင်းကို ဇာတ်လမ်းဆင် ရေးသားဖော်ပြလိုက်သဖြင့် ဘီဘီ့ကျောင်းအတွက် နိုင်ငံတကာစေတနာရှင်တွေက လှူဒါန်း လာကြသည်။ သူမအနေဖြင့် စပိန်နိုင်ငံ လူ့အခွင့်အရေးကွန်ဖရင့်သို့တက်ပြီး သူမဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြခဲ့သေးသည်။
မြို့ပြနှင့်ဝေးကွာသည့် မီယာဝါလလို ကျေးရွာလေးတွင် ပြောင်းလဲမှုတွေ မည်မျှ လုပ်ဆောင်ပေးနေသည် ဆိုစေ အကြီးအကျယ် ပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်ထား၍မရပေ။ စည်းရုံးရေး ကိုယ်တိုင်ဆင်းနေရ သည့် ဘီဘီသည် ဆဲလ်ဖုန်း တစ်လုံးဖြင့် တစ်အိမ်ပြီးတစ်အိမ် လှည့်လည်ရင်း တစ်ပတ်လျှင် အသားဟင်း တစ်နပ်သာ စားနိုင်သည့် အဆင့်ရှိပါသေးသည်။
သူမ၏ဘ၀တွင် အဖြစ်ချင်ဆုံးနှင့် အလုပ်ချင်ဆုံးတစ်ခုကို လုပ်နိုင်ခဲ့သည့်အတွက် ဝမ်းသာနေမိသည်။ ဖခင်ဖြစ်သူနှင့်အတူ မူစလင်ဘာသာဝင်များ အထွဋ်အမြတ် ထားရာ မက္ကာမြို့သို့သွားရောက်နိုင်ခဲ့၍ဖြစ်သည်။ "ဖော်မပြနိုင်လောက်အောင် ခံစားခဲ့ရတယ်။ တစ်သက် မမေ့နိုင်တော့ ပါဘူးရှင်" ဟု ပြန်ပြောင်းပြောပြသည်။
သူမဘ၀မပျက်မီအချိန်အထိ ဘီဘီသည် သားသမီး ၇ ဦးတွင် ဒုတိယ မြောက်သမီးတစ်ဦးဖြစ်သည်။ ကျေးလက်ဒေသလူ့ဘောင်အဖွဲ့အစည်းက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ငယ်စဉ် ကတည်းက ဘဝင်မကျခဲ့သူလည်းဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က သူမသည် မိဘများ ပေးစားခဲ့သည့် ခင်ပွန်းသည်နှင့် ကွာရှင်းခဲ့ပြီးဖြစ်သည်။ အိမ်ထောင်သည်ဘ၀တွင် တစ်နေကုန် ငြီးငွေ့ဖွယ်ရာ အိမ်အလုပ်တွေချည်း လုပ်ကိုင်နေရသည်။ ထမင်းဟင်းချက်၊ လျှော်ဖွတ်၊ ထင်းရှာ စသည့် အလုပ်များဖြင့် နားမနေနိုင်အောင် ဖြစ်ခဲ့ရသည်။
၂၀၀၂ ခုနှစ်တွင် သူမ၏မောင်တစ်ယောက်ဖြစ်သူ အသက် ၁၄ အရွယ်ရှိ အဘက်ဒူရှာကူးသည် ဇာတ်မြင့် မျိုးနွယ်စုမှ မိန်းကလေးတစ်ဦးကို ဖျားယောင်းသွေးဆောင်ခြင်းပြုသည်ဟု စွပ်စွဲခံရသည်။ နောက်ပိုင်း အစိုးရမှတရားဝင်စုံစမ်းစစ်ဆေးသည့်အခါတွင် မှားယွင်းစွပ်စွဲချက်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသွားသည်။
ယခုအခါ ထိုသို့မတရားစွပ်စွဲသူများသည် လယ်တစ်ကွက်အကျော်လောက်တွင် ရှိနေဆဲဖြစ်သည်။ "အဲဒီအဖွဲ့တွေကတော့ ကျွန်မကို သတ်ချင်နေကြမှာပဲ" ဟုသူမကပြောသည်။ တစ်နေ့ဈေးသို့ အဖော်မပါဘဲ သွားချိန်တွင် သူမကို မျက်နှာဖုံးတပ်ထားသည့် လူနှစ်ယောက်ကလာပြီးခြိမ်းခြောက်သွားသည်။
ဘီဘီတစ်ယောက် ဘ၀ပျက်စရာ ခံစားခဲ့ရပြီးချိန်တွင် စိတ်ဓာတ်တွေက သံမဏိလို မာကြောလာသည်။ အိမ်ထောင်ကွဲ၊ မုဒိမ်းကျင့်ခံထားရသည့် အမျိုးသမီးတစ်ဦးဘ၀တွင် လက်ထပ်ရန်အခွင့်အရေး ထပ်မံရနိုင် ပါဦးမည်လားဆိုသည်ကလည်း တွေးစရာဖြစ်လာသည်။ သူမအသက်က ယခုမှ ၃၀ ခန့်သာရှိသေးသည် မဟုတ်ပါလား။
နာမည်လည်းကျော် လူသိလည်းများလာသောကြောင့် ဖြစ်ဟန်တူသည်။ လက်ထပ်ရန် တောင်းဆို ကမ်းလှမ်းသူ ၁၂ ဦးခန့် အထိ ရှိလာသည်။ တစ်ခါခဲမှန်ဖူးသည့်စာသူငယ်လို ဘီဘီက အချစ်မပါသည့် အိမ် ထောင်ရေးဖြင့် ဘ၀ကိုမတည်ဆောက်လိုတော့။ သူမက စိတ်ကူးယဉ်အိပ်မက်ကို မက်ပြနေရှာသည်။
"ကိုယ့်သွေးသား တစ်ယောက်လောက်တော့ လိုချင်သေးတယ်။ တကယ့်အတော်ဆုံးဖြစ်မယ့် သားသမီး မျိုးပေါ့" ဟူ၍ ဆန္ဒကိုပြောသော်လည်း လက်တွေ့အကောင်အထည် မဖော်နိုင်သေးပေ။ အဘယ်ကြောင့် ဆိုသော် ယခုအချိန်တွင် သူမသည် ရွာ၏ "စံပြုစရာ" တစ်ခုပမာ ဖြစ်နေရှာသည်။ ရွာရှိမိန်းမများကို သူတို့ယောက်ျားများက ရိုက်နှက်ညှဉ်းဆဲလိုက်လျှင် မိန်းမ များက "ရှင် ရပ်ရင် ရပ်နော် မရပ်ရင် ဘီဘီ ကိုသွားတိုင်လိုက်မှာ" ဟုပြောလိုက်သည်နှင့် ပွဲပြီးသွားတတ်သောကြောင့်ဖြစ်သည်။
တင်ညွန့်
Ref: The Courage to Fight Back, by Chris Strauss
Copy From : http://www.maukkha.org
No comments:
Post a Comment
အကြံပေးကြည့်ပါလား.......