တလောက အဖေနှင့်အတူ ကိစ္စတစ်ခုရှိသဖြင့် ဒေလီမြို့တွင်းသို့ သွားခဲ့ပါသည်။
လုပ်စရာရှိတာ လုပ်ရင်းနှင့် ထမင်းစားချိန်သို့ ရောက်လာသည်။ အိမ်တွင်
နားပူနားဆာ သိပ်မလုပ်တတ်သည့် ဗိုက်က အပြင်ရောက်တော့ အချိန်အတိအကျ
အချက်ပေးသည်။ သို့နှင့်ပင် ထမင်းဆိုင်ရှိရာသို့ သားအဖနှစ်ယောက်ရောက်သွားသည်။
ဆိုင်တွင် အင်္ဂလိပ်လိုတစ်လုံးမျှ နားမလည်သည့် ဗိုက်ပူပူကုလားကြီး တစ်ယောက်ကို Menu ထဲ လက်ညှိုးထောက်ကာ မှာရသည်။ မှာပြီးသော်အဖေထိုင်နေသော ထိုင်ခုံတွင် ကျွန်တော် ၀င်ထိုင်လိုက်မိသည်။ ဤတွင် အဖေကပြောသည်။ “မင်း ထမင်းကြော် မှာနေတဲ့ကုလားကို ငါကြည့်နေတာ၊
တစ်နေရာရာမှာတွေ့ဖူးသလိုပဲ၊ ဒါပေမဲ့ တကယ်တော့ တွေ့ဖူးတာမဟုတ်ဘူး။ မင်းခုနလို မှာနေတဲ့ပုံစံတွေကိုရော၊ တစ်ချိန်ချိန်မှာ ဒီလိုအချိန် ဒီလိုနေရာမှာ ထမင်းစားရမယ့်အဖြစ်ကိုရော... သိနေသလိုပဲ” ဟု ဆိုပါသည်။
ထိုအခါတွင် ကျွန်တော်လည်း ထိုသို့သောခံစားချက်မျိုး ကြုံဖူးကြောင်း သတိရမိသည်။ လုံးဝ အသစ်ချတ်ကျွပ် ဖြစ်ရပ်၊ နေရာ၊ လူ၊ အတွေ့အကြုံ တစ်ခုခုကို ယခင်က ဖြစ်ဖူးသယောင်၊ သို့မဟုတ် ကြိုသိနေသယောင် ခံစားချက်မျိုး ဖြစ်ပါသည်။ ဘိုးတော်ဝိဇ္ဇာတွေလို အကြားအမြင်ရခြင်းမျိုး မဟုတ်ပါ။ ဦးနှောက်တွင် “ကြိုသိနေယောင် ခံစားရခြင်းမျိုးသာ” ဖြစ်ကြောင်း ကိုယ့်ဟာကိုယ်လည်း သိပါသည်။ တစ်ခါမျှ မရောက်ဖူးသည့် တိုင်းပြည်မှ မရောက်ဖူးသည့် နေရာအရပ်...။ ခုတော့ နေရာ၊ လူစသည်ကို သိခြင်းမျိုးတောင်မဟုတ်တော့ဘဲ ဒီလိုမှာ..၊ ဒီလိုစား..စသည်ဖြင့် “ဖြစ်ရပ်” တွေကိုပါ သိသလိုလိုဆိုတော့ တကယ်ဖြစ်ခဲ့ဖူးလို့ ပြန်မှတ်မိတာတော့ မဖြစ်နိုင်တော့။ တကယ်တော့ ဤသို့သော အတွေ့အကြုံမျိုးကို ကျွန်တော်လည်း ခံစားဖူးသလို တချို့လူများလည်း
ကြုံဖူးကြပါမည်။ ထူးဆန်းလှသည်ဟုတော့ မဆိုနိုင်ပါ။ သို့ဆိုလျှင် စိတ်ပညာဆိုင်ရာ ဖြေရှင်းချက်က မည်သို့ဖြစ်မည်လဲ။ အဖေမေးသော်လည်း ကျွန်တော် မဖြေနိုင်ပါ။ စင်စစ် ဖြေရှင်းချက်မပြောနှင့် ဤခံစားချက်မျိုးကို
မည်သို့ခေါ်ရမည်ကိုပင် ကျွန်တော် မသိပါ။ Google ထဲ ရှာရန်လည်း Key Word မည်သို့ ရိုက်ရမည်ပင် မဝေခွဲတတ် ဖြစ်နေခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာ သိပ်မကြာခင်တွင်ပင် Tp10 Unexplained Phenomena ဟူသည့် Link တစ်ခုမှနေ၍ အဖြေကို ခလုတ်တိုက်မိခဲ့ပါသည်။ (ဘာကြောင့်မှန်းမသိ၊ ထိုသို့လည်း မကြာခဏ တိုက်ဆိုင်တတ်သည်) အဆိုပါ ခံစားချက်ကို “ဒီဂျာဗှူး” (Déjà vu) ဟု ခေါ်ပါသည်။ ထိုအခါ စိတ်ဝင်တစားဖြင့် “ဒီဂျာဗှူး” အကြောင်း အတော်အသင့် ဖတ်ရှုကြည့်မိခဲ့ပါသည်။ ဆောင်းပါးအများအပြားတွင် ဖြေရှင်းချက် အမျိုးမျိုးအဖုံဖုံ ပေးထားသော်လည်း ပညာရပ်ဆန်ဆန် Source တစ်ခုမှသာ ရွေးချယ်ဘာသာပြန်ဆိုခဲ့ပါသည်။
“ဒီဂျာဗှူး” (Déjà vu)
“ဒီဂျာဗှူး” သည် ပြင်သစ်ဘာသာဖြင့် “မြင်ဖူးပြီးသား” ဟု အဓိပ္ပာယ်ရသည်။ “ဒီဂျာဗှူး” ဆိုသည်မှာ ပထမဆုံးအကြိမ်အနေဖြင့် တွေ့ကြုံရသည့်အရာကို ယခင်က မြင်ဖူးပြီးသား၊ တွေ့ကြုံပြီးသားယောင်ယောင် အထင်မှားမှုဖြစ်သည့်၊ သို့မဟုတ် ထူးဆန်းရှုပ်ထွေးသည့် ခံစားမှုတစ်ခုဖြစ်ပါသည်။ အကယ်၍ ဤအတွေ့အကြုံသည် စင်စစ် ဖြစ်ရပ်တစ်ခုကို မှတ်မိခြင်းသာ အမှန်တကယ်ဖြစ်သည်ဟု ယူဆပါလျှင် “ဒီဂျာဗှူး”
ဟူသည်မှာ မူရင်းအတွေ့အကြုံကို အပြည့်အ၀ ကြုံတွေ့ရင်ဆိုင်ခဲ့ရခြင်း မရှိခဲ့သလို “မှတ်ဉာဏ်” တွင် အသေးစိတ် သိုလှောင်မှတ်သား မိခဲ့ခြင်းလည်း မရှိခြင်းကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ပေသည်။ ဤသို့ဖြစ်လျှင် ၎င်းသည် တစ်ဦးတစ်ယောက်၏ အတိတ်မှ အပိုင်းအစတစ်ခုခုကို ပြန်လည်သတိရရန် မောင်းဖြုတ်ပေးလိုက်သည့်
ပစ္စုပ္ပန် အခြေအနေတစ်ရပ်နှင့် အလွန်တူညီဟန်ရှိသည်ဟု ဆိုနိုင်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အပိုင်းအစတစ်ခုနှင့် အခြားသောမှတ်ဉာဏ် (အစိတ်အပိုင်းအစ) များအကြား ခိုင်မာသော ဆက်သွယ်ချက်များမရှိအောင် အစိတ်စိတ်အမွှာမွှာကွဲကြေနေသောမှတ်ဉာဏ် ဖြစ်သော ကြောင့် အဆိုပါအတွေ့အကြုံသည် ဆန်းပြားပြီး ရှုပ်ထွေးသည့်ပုံပေါ်နေနိုင်ပါသည်။
ထို့ကြောင့် ဤနေရာသို့ ရောက်ခဲ့ဖူးသလိုလို ခံစားရခြင်းမှာ မကြာခဏဆိုသလို အဆိုပါနေရာသို့ အမှန်တကယ်ရောက်ခဲ့ဖူးသည့် အချက်ကြောင့် ဖြစ်နေတတ်ပါသည်။ ပထမဆုံးအကြိမ် အနေဖြင့် စေ့စေ့စပ်စပ် အာရုံထားမှု မရှိလေရာ လူတစ်ယောက်သည် မူလအတွေ့အကြုံအများစုကို အလွယ်တကူ မေ့သွားတတ်သည်ချည်း ဖြစ်ပါသည်။ မူလအတွေ့အကြုံသည် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလောက်သာ စော၍ ဖြစ်ပျက်ခဲ့သည်ဆိုလျှင်တောင် ဦးနှောက်က မေ့သွားနိုင်ပါသေးသည်။
အခြားတစ်ဘက်တွင်လည်း “ဒီဂျာဗှူး” အတွေ့အကြုံသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာစော၍ ကြားခဲ့ဖူးသော၊ သို့မဟုတ်မြင်ခဲ့ဖူးသော ရုပ်ပုံများကို စိတ်ထဲတွင်ပုံရိပ်ထင်နေသည့် ဒဏ္ဍာရီပုံပြင်များ ကြောင့်လည်း ဖြစ်နိုင်သည်။
ကလေးဘ၀အကြောင်း ၀ိုးတ၀ါးသတိရမှု၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်နိုင်ပါသည်။
သို့သော်လည်း “ဒီဂျာဗှူး” သည် အတိတ်ကာလမှ အစစ်အမှန် အတွေ့အကြုံတစ်ခုခုနှင့် ဆက်စပ်ခြင်းမရှိဘဲ ဦးနှောက်အတွင်းမှ အာရုံကြောဆိုင်ရာဓာတုဗေဒ (Nerochemical) ဖြစ်စဉ်များမှ မောင်းဖြုတ်လိုက်သည့် ခံစားမှုတစ်ခုလည်း ဖြစ်နိုင်ပါသေးသည်။ အတွေ့အကြုံသည် အသစ်တစ်ခု အပြည့်အ၀မဟုတ်ခဲ့လျှင်တောင်
တစ်စုံတစ်ယောက်အနေဖြင့် မှတ်ဉာဏ်ထဲတွင် အဆိုပါအတွေ့အကြုံကို မှတ်မိသိရှိပြီး၊ ထူးထူးဆန်းဆန်း ခံစားရပါသေးသည်။
အဆိုပါစကားလုံးအား “အကြားအမြင်ဆိုင်ရာ သဘာဝဖြစ်စဉ်များ” (Psychic Phenomena) အပေါ် အထူးစိတ်ဝင်စားသူ Emile Boirac (1851-1917) ဆိုသူက အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ Boirac ၏ အခေါ်အဝေါ်က ကျွန်တော်တို့၏ စိတ်အာရုံကို အတိတ်အကြောင်းဟု မှတ်ထင်မိစေသည်။
သို့ရာတွင် တုန့်ပြန်မှုအနည်းငယ်အရ “ဒီဂျာဗှူး” နှင့် ပတ်သက်၍ စစ်မှန်သည့်အကြောင်းအချက်တစ်ခုမှာ တစ်ဦးတစ်ယောက်တွင်ရှိသည့် “ဆန်းပြားသော ခံစားချက်” ဟူသည့် အတိတ်နှင့်မဆက်ဆိုင်ဘဲ လက်ရှိပစ္စုပ္ပန်နှင့်သာ သက်ဆိုင်သည် ဆိုသောအချက် ဖြစ်ပါသည်။ မကြာခဏဆိုသလို ကျွန်တော်တို့သည် ရှင်းလင်းမှုမရှိသည့် အသစ်အဆန်းများနှင့် ကြုံတွေ့ရလေ့ရှိသည်။ ထိုသို့သော အခြေအနေများတွင် ဤမေးခွန်းများကို ကျွန်တော်တို့ မေးချင်မေးမိနိုင်ပါသည်။ ထိုအခြေအနေတွင် ကျွန်တော်တို့ အနည်းငယ် ဇဝေဇ၀ါ ဖြစ်နေနိုင်သော်လည်း “ဒီဂျာဗှူး” နှင့် ဆက်ဆိုင်သည့် ခံစားချက်မှာ ဇဝေဇ၀ါဖြစ်မှု မဟုတ်ပါ။ ဆန်းကြယ်မှုသာ ဖြစ်ပါသည်။ စာအုပ်တစ်အုပ်ကို ဖတ်ဖူးလားမဖတ်ဖူးလား သတိမရခြင်း၊ အထူးသဖြင့် အသက် (၅၀) အရွယ်လူတစ်ယောက်သည် သူ့ဘ၀တစ်လျောက် စာအုပ်ထောင်ပေါင်းများစွာ ဖတ်ခဲ့မည်ဖြစ်သဖြင့် မည်သို့မျှ မဆန်းလှပါ။ သို့သော် “ဒီဂျာဗှူး” အတွေ့အကြုံတွင်မူ လက်ရှိပစ္စက္ခ အာရုံသိမှုနှင့် ရင်းနှီးကျွမ်းဝင်နေမှု ခံစားရသင့်သည်ဟု ကျွန်တော်တို့က မထင်သောကြောင့် ထူးထူးဆန်းဆန်း ခံစားရခြင်း ဖြစ်ပါသည်။ အဆိုပါ မတော်မလျော်ဖြစ်မှု (Inappropriateness) အာရုံသည် စာအုပ်တစ်အုပ် ဖတ်ဖူးလား၊ ရုပ်ရှင်တစ်ကား ကြည့်ဖူးလား ဝေခွဲမရဖြစ်နေသည့်အချိန် မဟုတ်ပါ။
ထို့ကြောင့် “ဒီဂျာဗှူး” ဖြစ်စဉ်အား “အတိတ်မေ့ခြင်း” (Lost Memory) “အတိတ်ဘ၀” (Past Life) “နတ်ကတော်” (Clairvoyance) စသဖြင့်အကြီးအကျယ် လမ်းလွဲစေမည့် နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးစားမိနိုင်ပါသည်။ ကျွန်တော်တို့ အနေဖြင့် “ဒီဂျာဗှူး” ခံစားချက်နှင့်ပတ်သက်၍ ပြောသင့်ဆိုသင့်ပါသည်။ ထိုခံစားချက်သည် “မှတ်ဉာဏ်” နှင့်ပတ်သက်၍ “အာရုံသိမှု” (Perception) က လုပ်ဆောင်စရာ ဘာမှမရှိသော အခြေအနေတွင် အာရုံကြောဆိုင်ရာ ဓာတုဗေဒ အကြောင်းခံတစ်ရပ် ကြောင့်ဖြစ်ပေါ်သည့် ဦးနှောက်၏ အခြေအနေတစ်ရပ် ဖြစ်နိုင်ပါသည်။ စိတ်လူနာများအကြား “ဒီဂျာဗှူး” မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်သာ ဖြစ်သဖြင့် မည်သို့မျှလည်း တန်ဖိုးမရှိပါ။ မကြာခဏဆိုသလို “ဒီဂျာဗှူး” ခံစားချက် ဖြစ်ပြီးနောက် မှတ်ဉာဏ်၊ အကြားအာရုံနှင့် စကားပြောအာရုံတို့နှင့် သက်ဆိုင်သည့် ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Temporal Lobe Epilepsy ထိခိုက်မှုနှင့် ကြုံရတတ်ပါသည်။ ၁၉၅၅ ခုနှစ်က ပြုလုပ်ခဲ့သောWilder Penfield ၏ ထင်ရှားသည့် စမ်းသပ်မှုတစ်ခုတွင် Temporal Lobe အား လျှပ်စစ်ဓာတ်အားဖြင့် လှုံ့ဆော်မှုပေးရာ ၈% သည် သိုမှီးထားသော မှတ်ဉာဏ်များကို ကြုံတွေ့ရကြောင်း တွေ့ရှိရသည်။ အစစ်အမှန် မှတ်ဉာဏ်ကို သတင်းနှိုက်ယူ (Elicit) နိုင်ခဲ့သည်ဟု သူက ယူဆခဲ့သည်။ ၎င်းတို့သည် အာရုံမှောက်မှားအတွေးများ (Hallucination) လည်း ဖြစ်နိုင်ပြီး လူ၏လှုံ့ဆော်မှုကြောင့် ပထမဦးဆုံးထွက်ပေါ်လာသည့် “ဒီဂျာဗှူး” သာဓကတစ်ရပ်လည်း ဖြစ်ပေသည်။
ref:https://www.mmitdev.com/group/psychology/forum/topic/show?id=2257474:Topic:552522&xgs=1&xg_source=msg_share_topic
No comments:
Post a Comment
အကြံပေးကြည့်ပါလား.......